အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။

ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ အပြစ်ရှာစောင့်ကြည့်နေကြောင်း ရန်ကုန်စီးပွား‌ရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးက Red News Agencyကို ပြောကြားထားသည်။

အင်းစိန်အကျဉ်းထောင် ထောင်ပိုင်သည် စစ်တပ်မှ တိုက်ရိုက်ခန့်ထားသူဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်ရန်လက်အောက်ငယ်သား ဝန်ထမ်းများကို အမြဲပြောလေ့ရှိကြောင်း၊ အင်းစိန်ထောင် (၃) ဆောင်တွင် လူ(၅) ဦးထက်ပိုမစုရန် အမိန့်ထုတ်ထားပြီး၊ တန်းပိတ်အိပ်ချိန်တွင် ထမထိုင်ရ၊ နိုင်ငံရေးအကျဉ်းသားများ အခန်းကူးသွားလာမှုများမလုပ်ရ စသည့် မတရားသည့် အမိန့်များထုတ်ထားသည်။

” အခုအင်းစိန်မှာက တော်တော်ကို ဆိုးနေတယ်၊ နိုင်ငံရေးမှုနဲါရောက်လာသူတွေကို ဦးချိုးတယ် အပြစ်မရှိအပြစ်ရှာရိုက်တယ်၊ ဝန်ထမ်းရဲ့လက်ပါးစေ လူမိုက်တွေကို ရိုက်ခိုင်းတာတွေလုပ်တယ်၊ ထောင်ဝင်စာကန့်သတ်တာတွေပါ လုပ်လာပြီဗျ၊ မိသားစုက ငရုတ်သီး‌ကြော် (၃) ထုပ်ပေးချင်တာတောင် (၁) ထုပ်ပဲ ပေးရတယ်ဗျ၊(၂) ထုပ်ပြန်သယ်သွားခိုင်းတယ် ပို့တဲ့ပါဆယ်‌တွေအကုန်မရောက်ဘူးတဲ့ အဲလိုအခြေအနေဖြစ်နေပြီ၊ တလောက (၅) ဆောင် အခန်း (၄) မှာ အသက် (၆၀) ကျော်နေပြီ တောင်ဒဂုံမြို့နယ် NLD ဥက္ကဋ္ဌဟောင်း ဦးကြည်လင်းကိုလည်း တခြားအခန်းတွေသွားလို့ဆိုပြီး အဆောင်သူကြီး ( တန်းစီး) က အဖိုးကြီး တခြားအခန်းမသွားနဲ့၊ နိုင်ငံရေးမပြောနဲ့ဆိုပြီး ခေါင်းကို လက်နဲ့ရိုက်တာ ဆောင့်တွန်းတာတွေလုပ်တယ် ခြိမ်းခြောက်တာတွေကော ပါတာပေါ့၊ အခုက အဆောင်မှာနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သက်သက်ရန်စလုပ်နေတာ” ဟု အကျဉ်းထောင်နှင့်နီးစပ်သည့် ရှေ့နေတဦး၏ မိသားစုဝင်တဦးက ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင်း အဆောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို သာမန်အကျဉ်းသားများနှင့် တန်းတူထားပြီး ထောင်ဝန်ထမ်းများ၊ ထောင်ဝန်ထမ်းလက်အောက်ခံ စည်းကမ်းထိန်း၊ စာရေး၊ တန်းစီးစသည့် လူမိုက်များက တန်းစီချိန် ညီညီညာညာမရှိခြင်း၊ အခန်းကူးသွားလာခြင်း၊ အိပ်ချိန်ထထိုင်ခြင်း၊ နိုင်ငံရေးစကားပြောခြင်း၊ ထောင်ဆူအောင်ပြုလုပ်နေခြင်း စသည့် အ‌ပြစ်မရှိအပြစ်ရှာ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း၊ စစ်ခွေးတိုက်နှင့် အခြားတိုက်တို့တွင် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၆ ဦးအထက်ရှိကြောင်း သိရသည်။

အင်းစိန်ထောင်တွင် အမိန့်ချမှတ်မခံရသေးသည့် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံထားရသူများကို သီးသန့်ထောင်တွင် အများဆုံးထားရှိပြီး၊ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ချင်သူများကို သာမန်အကျဉ်းသားများထားသည့် အချုပ်ဆောင်တွင်ထားရှိကြောင်း၊ သူရဦးအောင်ကို အပါအဝင် NLD ပါတီ အစိုးရဝန်ကြီးနှင့် နာမည်ကြီးများကို အကျဉ်းထောင်တွင်း သီးသန့်တိုက်များတွင်ထားရှိကြောင်း၊ ဒေါ်သန်းမြင့်အောင်နှင့် နာမည်ကြီး အဆိုတော်အနုပညာရှင်များကို အမျိုးသမီး သီးသန့်နေရာတွင်ထားရှိပြီး အခြားသောနိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးများကို သာမန်အကျဉ်းသူများနှင့်အတူ ရောနှောထားကြောင်း သိရသည်။

Red News Agency

By Editor