ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။

နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ
ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။

ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လူစုလူဝေး လူအများအပြားဖြင့် ထိုသို့ သင်္ကြန်ပွဲကျင်းပနိုင်ရေးစီစဥ်ရန်အတွက်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနကလည်း လူ ၄၀၀ ဦးအထိစုဝေးခွင့်ပြုကြောင်း ကြိုတင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အကာအရံအတားအဆီးများ ချထားကာ အများပြည်သူသွားလာခွင့် ပိတ်ပင်ထားသော ရန်ကုန်မြို့တော်ခန်းမရှေ့၌  သင်္ကြန်မဏ္ဍပ်ဟုဆိုကာ လုပ်ငန်းများဆောက်လုပ်လျက်ရှိသည်ကိုတွေ့နေရသည်။

ထိုမဏ္ဍပ်တွင် ယိမ်းပြိုင်ပွဲများပြုလုပ်ရန်ပင် စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာမှ လျောက်လွှာများ ခေါ်ယူနေသည်ကိုလည်း တွေ့ရသည်။

ထိုမဏ္ဍပ်တည်ဆောင်နေခြင်းကို မြင်တွေ့ခဲ့ရသူတစ်ဦးက ” မဏ္ဍပ်ဆောက်နေတာကလည်း နေအိမ်အဆောက်အဦး မီးလောင်ထားတဲ့ အတိုင်းပဲ။ ဒီကာလမှာဗျာ၊ ကလေးတွေကလွဲရင် ဘယ်လိုလူက သင်္ကြန်ပွဲသွားချင်စိတ် ဖြစ်မလဲ။ ရန်ကုန်မှာ ဟိုနေရာမှာပေါက်၊ ဒီနေရာမှာပေါက်နေတာ ဘယ်သူမှမသွားရဲဘူး။ စစ်တပ်က သူတို့လုပ်ချင်တာ၊ ကျွန်တော်ကတော့ စိတ်မဝင်စားဘူး။ အဲ့ပွဲလုပ်တာလည်း ဟန်ပြပဲဖြစ်မှာပါ။သွားတဲ့သူကလည်း စစ်တပ်ထောက်ခံတဲ့သူနဲ့ သူတို့ရဲ့ သားသမီးတွေ၊ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းနဲ့ သူတို့သားသမီးတွေ သွားချင်သွားကြမှာပေါ့”  ” ဟု ပြောပြသည်။

ထိုသို့ မဏ္ဍပ်တည်ဆောက်နေသော်လည်း အနီး အနားဝန်းကျင် သွားလာနေကြသူများအနေဖြင့် သင်္ကြန်ပွဲအပေါ် စိတ်ဝင်စားခြင်းမရှိကြသည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်တွင် နေ့စဉ်နီးပါး ဗုံးပေါက် ပစ်ခတ်မှုဖြစ် နေရာတိုင်း စစ်ကောင်စီတပ် ထင်ရာစိုင်းနေမှုကြောင့် ပြည်သူများမှာ သွားသွားလာလာ စိုးရိမ်ထိတ်လန့်နေကြရသည်၊ မည်သည့်နေရာ မည့်သည်အချိန် ပေါက်ကွဲမှုဖြစ်မလဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရသည့်အတွက် ပြည်သူများမှာ သင်္ကြန်ကို စိတ်မဝင်စားနိုင်၊ စီးပွားရေး ၊ လူမှုရေး၊ ကျန်းမာရေးမှာ နေ့စဉ်ပျက်ယွင်းနေသည်။

Red News Agency

By Editor