လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

RNA_မတ်၉၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။

ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးပစ်ခတ်ကာ ဝင်စီးပြီး သတ်ဖြတ်သွားခြင်း ဖြစ်သည်။

” တိုက်ပွဲက တနေ့က ဘေးနားက ရွာမှာဖြစ်တာဗျ လက်ပံတောမှာဖြစ်တာလို့ ပြောမရဘူး၊ သူတို့ရွာဝင်စီးတော့ ဘုန်ကြီးကျောင်းမှာ ရွာထဲကလူတွေစုနေတာပေါ့ အဲဒါကျောင်းထဲ လက်နက်ကြီးပစ် ဝင်စီးတာ လက်နက်ကြီးမှန်သေတာလား ကျောက်ထဲရောက်မှ ပစ်သတ်ခံရတာလား အတိအပျပြောမရသေးဘူး၊ အခုမနက် တလောင်းတွေ့လို့ မီးရှို့ခဲ့ရတယ်၊ အကုန်လုံး ၁၁ ယောက်သေတာ၊ ကျွန်တော်တို့ ရဲဘော်မိသားစုက (၄) ယောက်ဗျာ ဘယ်လိုနှစ်သိပ့်မရမှန်းမသိဘူး၊ တော်တော် ဝမ်းနည်းနေကြရတာ၊ ကလေး ၂ ယောက်ကောဗျာ၊ သူတို့က သတ်ပြီးတော့ ဘုန်းကြီးကျောင်းဘေးက နေအိမ် ၂ အိမ်မီးရှို့သွားတယ်၊ အဲထဲက တအိပ်က ကုတင်ပေါ်မှာ အလောင်းတွေစုပြီး မီးရှို့ပစ်တာ၊ ကျန်တဲ့အရိုးတွေ အကုန်မီးမလောင်သေးဘူး၊ လိုင်းမရလို့ဗျာ ဒီမှာဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ထားတယ်။ စခတွေကအခုလဲ အဝေးကြီးမရောက်သေးဘူး၊ ရွာထဲ ရဲရဲ မဝင်ရဲကြသေးဘူး၊ ရက်စက်တာက လွန်ပါတယ်၊ ကလေးတွေကောဗျာ ” ဟု Hero Tiger Force တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကျားကြီးက ပြောသည်။

PDF ရဲဘော်မိသားစု (၄) ဦး သတ်ခံရခြင်းနှင့်ပတ်သက်ပြီး တပ်ဖွဲ့ဝင် မိသားဖြစ်နေသည့်အတွက်ရက်ရက် စက်စက်သတ်သွားခြင်း ဟုတ် မဟုတ် စုံစမ်းရအုံးမည်ဖြစ်ကြောင်း၊ လက်ပံတောရွာဝင်စီးစဉ် ရွာခံ ဒလန်ပါ သည်ဟု သတင်းများ ထွက်နေကြောင်း၊ သေဆုံးသည့်အထဲတွင် သက်ကြီးရွယ်အိုများ ပါရှိကြောင်း၊ လက်နက်ကြီးထိမှန်သေဆုံးခြင်းနှင့် ပစ်သတ်ခံရခြင်း တို့ကိုပင် တိတိကျကျ မခွဲခြားနိုင်သေးကြောင်း၊ အလောင်းများကို မီးရှို့ပစ်ခဲ့သည့်အတွက် အမည်စာရင်း မစစ်ရသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်ဖြင့် ကျေးရွာအနီးတဝိုက် ဖြတ်သန်းသွားပြီး မြေပြင်အခြေအနေကြည့်ပြီး ရွာကိုဝင်စီးသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဟန့်တားမှု မပြုလုပ်နိုင်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီတပ်ဖွဲ့များသည် လေယာဉ်အကူအညီယူကာ ချင်းပုန်း၊ သပြေအေး၊ မိုးကောင်း၊ ချောင်းမ၊ ဘန့်ဘွေး၊ အောင်ချမ်းအေး ၊ လက်ပံတော ရွာစဉ်ရွာဆက် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်နေသည့်ကြောင်း၊ ယနေ့ လက်ပံတောကထွက်ပြီး ပါသီးကုန်းဘက်ရောက်ရှိနေကြောင်း၊ စစ်ကြောင်းထိုးလာသည့်တလျှောက် ဒေသခံပြည်သူ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံထံမှ သိရသည်။

Red News Agency

By Editor