ဒေါ်စောမြရာဇာလင်းက မိမိကိုယ်ကိုယ်ဒုတိယဥက္ကဋ္ဌဟုဆိုကာ စစ်ကောင်စီ၏ အခမ်းအနားနှင့် ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ဒုတိယဥက္ကဋ္ဌ(၃)ဟောင်း စောမြရာဇာလင်းသည် ကိုယ်စားလှယ်များဟုအမည်တပ်ပြီး သူ၏ဝန်ထမ်းနှစ်ဦးနှင့်အတူ အခမ်းအနားတက်ခြင်း၊ ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်း၊ မိမိကိုယ်ကိုယ် ဒုတိယဥက္ကဋ္ဌဟု မီဒီယာများတွင် လိမ်လည်ဖော်ပြခိုင်းခြင်းများသည် ပါတီနှင့် သက်ဆိုင်မှုလုံးဝမရှိကြောင်းနှင့် ပါတီအပေါ် မည်သည့်ကိုယ်စားပြုမှုမျှ မရှိပါကြောင်း သိစေအပ်ပါသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ဒေါ်စောမြရာဇာလင်း သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ကျင်းပသည့် (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ( NSPNC) တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များတွေ့ဆုံပွဲကိုလည်း တက်ရောက်ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ နိုင်ငံရေးဦးဆောင်ကော်မတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကျင်းပခဲ့ကြောင်း၊ ဌာနအသီးသီးမှ ကော်မတီဝင် များနှင့်တပ်မှူးများ စုံလင်စွာတက်ရောက်ကြပြီး ပါတီ၏ လက်ရှိအခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရေး၊ ပါတီဝင် များနှင့် တပ်မှူးများအားလုံးပါဝင်သော ပဉ္စမအကြိမ်ပါတီညီလာခံခေါ်ယူရေး၊ စစ်ရေးနိုင်ငံရေးကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်ရေးနှင့် မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ပါဝင်သင့်ပါဝင်ထိုက်သူများအား လုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ မိမိတို့ပါတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် (PPST)မှချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက် (၇)ရပ်အတိုင်း ဆက်လက်ရပ်တည် သွားမည်ဖြစ် ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor