လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် စစ်တပ်က ခေါင်းပစ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

ဇင်လင်းနိုင်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ခေါင်းစပစ်ခဲ့တာဟာ ဒီနေ့က ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်ကနေပြည်တော် သပြေကုန်းအဝိုင်းမှာ ထောင်နဲ့ချီတဲ့ လုအုပ်ကြီးက အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီအချိန်မှာ အကြမ်းဖက်ရဲအရာရှိတစ်ဦးက ဆန္ဒပြတဲ့ လူအုပ်ထဲကို ကျည်ဆန်နဲ့ ပစ်ခတ်ခဲ့လို့ မြသွဲ့သွဲ့ခိုင်ရဲ့ ဆိုင်ကယ်စီးဦးထုပ်ကိုထိမှန်ခဲ့တယ်။ မြသွဲ့သွဲ့ခိုင်ခိုင်လည်း လဲကျသွားပါတယ်။

ဒါကို အကြမ်းဖက် စစ်တပ်က ဗြောင်ငြင်းပါသေးတယ်။ ကျည်ဆန် အစစ်နဲ့ မဟုတ်ဘူး ဘာညာ လိမ်ခဲ့ပါသေးတယ်။ မြသွဲ့သွဲ့ခိုင် အပစ်ခံရပြီး လဲကျသွားတဲ့ ဗီဒီယို ဖိုင် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပြီးလည်း ဖြစ်ပါတယ်။ ဒါကိုဗြောင်လိမ်တာပါ။

မှုခင်းဆေးပညာဆရာဝန်တွေက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ မြသွဲ့သွဲ့ခိုင်ရဲ့ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တဲ့အခါမှာ ကျည်ဆန်အစစ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

မြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုမှာ ပထမဆုံး ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေးအာဇာနည်တစ်ဦးဖြစ်ပါတယ်။

သူကျဆုံးချိန်ဟာ အသက် ၂၀ ခန့်သာ ရှိပါသေးတယ်။ ဒီနေ့ဟာ မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

Red News Agency

By Editor