အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

ကိုအောင်အောင် တီဘီရောဂါနှင့် သေဆုံးသည်ဟုဆိုကာ အကျဉ်းထောင်ဝန်ထမ်းများက မိသားစုကိုဆက်သွယ်ခဲ့ကြောင်း၊ သေဆုံးနေသည့် အလောင်းတွင် ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးကြနေသည်ကို မိသားစုကတွေ့ရှိရကြောင်း၊ အဖမ်းမခံရချိန်ကာလအထိ ကိုအောင်အောင်မှာ တီဘီရောဂါမရှိကြောင်း၊ ယခင်က ငှက်ဖျားရောဂါအခံသာရှိကြောင်း၊ နှိပ်စက်ခံရသည့် အတွင်းဒဏ်ရာကြောင့် သေဆုံးသည်ဟု ယူဆထားကြောင်း မိသားစုထံက သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားရပ်ကွက်မှာနေထိုင်သည့် ကိုအောင်အောင်သည် ၂၀၂၁ ခုနှစ် မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၅၀၅ (က) ဖြင့် တရားစွဲခံထားရသူဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင်း ဆေးကုသမှု အပြည့်အဝမရသည့်အတွက် သေဆုံးသွားရသည့် ကိုအောင်အောင်၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ (၆) ရက်နေ့က ရေဝေးတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ အသက် (၂၂) နှစ် အရွယ် ဇနီး၊ ၃ နှစ်ခွဲအရွယ်နှင့် ၇ နှစ်အရွယ်သမီး (၂) ဦး ကျူးကျော်ရပ်ကွက်တွင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Red News Agency

By Editor