ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒတွင် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အစိတ်အပိုင်း(၁)၊ အခန်း(၄) အပိုင်း(၃)၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ်ခွဲ(၁၈)၊ (၁၉) အရ မူဝါဒ ချမှတ်ခြင်းဖြစ်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် မဖြစ်မနေ အခွန်ကောက်ခံခြင်းနှင့် မျှဝေ သုံးစွဲခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ဖော်ဆောင်ရန် လုပ်ငန်းတာဝန်ကို အပိုင်း (၂) ပိုင်း ခွဲ၍ ဖော်ဆောင်သွားမည်ဟု သိရသည်။

အခွန်ကောက်ခံရရှိငွေ ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအပါအဝင် ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ မျှဝေသုံးစွဲခြင်းကဏ္ဍအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု ထုတ်ပြန်ထားသည်။

အခွန်ကောက်ခံရရှိငွေ ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုး၏ စီမံ ခန့်ခွဲမှုအောက်တွင်ထားရှိမည်ဖြစ်ပြီး၊ ၁၀ ရာခိုင်နှုန်းကို ဒေသအချင်းချင်း မျှဝေသုံးစွဲခြင်းကဏ္ဍအတွက် အကောင် အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၃၀ ရာခိုင်နှုန်းကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ၏ စီမံခန့်ခွဲမှုအောက်တွင်ထားရှိရမည်ဖြစ်ပြီး၊ ၁၀ ရာခိုင်နှုန်းကို လူသားချင်း စာနာထောက်ထားမှု မျှဝေ သုံးစွဲခြင်းကဏ္ဍအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းသိရသည်။

အခွန်ကောက်ခံခြင်းနှင့် အခွန်မျှဝေသုံးစွဲခြင်းတို့ကို ပြည်ထောင်စုအဆင့် အစိုးရမှ တဆင့် (သို့မဟုတ်) ကိုယ်တိုင် အခွန်ကောက်ခံခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှတစ်ဆင့် (သို့မဟုတ်) ကိုယ်တိုင် အခွန်ကောက်ခံခြင်းတို့ကိုပြုလုပ်မည်ဖြစ်ပြီး၊ အခွန် ကောက်ခံရာတွင် သက်ဆိုင်ရာဒေသရှိ ပြည်တွင်းအခွန်ဦးစီးဌာန နှင့်ညှိနှိုင်း ကောက်ခံရမည်ဟု ဆိုသည်။

အခွန်နှုန်းထားများမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတ်မှတ်ထုတ်ပြန်ချက်အတိုင်း ဖြစ်ပြီး၊ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရက အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြဌာန်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်ဟု ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

Red News Agency

By Editor