စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

Written by

in

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကောင်စီတပ် ခလရ(၂၀၇)မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ဆောထိမြို့နယ်အတွင်းရှိ ကော်ကပ်နှင့် ခမောက်ခွင် ကျေးရွာမှ ရွာသူ၊ ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကော်ကပ်ကျေးရွာ အိမ်ခြေ(၄၀)မှ အမျိုးသား(၁၂၀) အမျိုးသမီး (၁၃၀)ခန့်နှင့် ခမောက်ခွင်ကျေးရွာမှ အိမ်ခြေ(၂၀) အမျိုးသား(၆၀)ဦး အမျိုးသမီး(၁၀၀)ခန့် စုစုပေါင်း ကျေးရွာပြည်သူလူထု အားလုံးပေါင်း (၄၀၀)ကျော် စစ်ဘေးရှောင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ယနေ့ညတွင် KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၁) တပ်ရင်း(၃)တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ခလရ (၂၀၇)မှ နံနက်(၉း၀၀)နာရီနှင့် (၁၂း၀၀)နာရီအထိ လက်နက်ကြီး (၁၂၀)မမကိုပစ်ချခဲ့ရာတွင် မိုးဘောကျေးရွာအတွင်းသို့ (၄)လုံးနှင့် ကော်ကပ်ကျေးရွာ အတွင်း (၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ခမောက်ခွင်ကျေးရွာနှင့် ကော်ကပ် ကျေးရွာမှ ပြည်သူလူထုများ စစ်ဘေးရှောင်နေရသည်မှာ (၇) ကြိမ်ရှိပြီဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စဉ် လတ်တလောအခြေနေမှာ အိုးမဲ့အိမ်မဲ့ ၊ စား၀တ်နေရေး၊ ပညာရေး ၊ ကျန်းမာရေး အခက်အခဲများ အကြပ်အတည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

Red News Agency