ဖားကန့်၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြား

တာလင်းမောင် ဖားကန့် ၊ မေ ၁၃ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကြောင့် ညမထွက်ရအမိန့်အပါအဝင် အသွားအလာများ ကန့်သတ်ပြီး လူစုလူဝေးများ ရှောင်ရှားနေရချိန် ယခုလဒုတိယ ပတ်အတွင်း မော်တော် ဆိုင်ကယ်ခိုးယူခံရမှု များပြားလာကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ဆိုင်ကယ်(၆)စီးနှင့် ငှက်ပျောတော ရပ်ကွက်တွင်(၅)စီး၊ မြို့နယ်နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ခိုးယူခံရမှုများရှိကြောင်း၊ နေ့လည်ဘက် လူမြင်ကွင်းတွင် ရပ်ထားသည့်မော်တော်ဆိုင်ကယ် များအပြင် အချို့ကျေးရွာချင်းဆက်လမ်းများတွင် လူကိုရိုက်၍ဆိုင်ကယ်လုယူသူများလည်း ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့တွင် မေလ ၁၀ ရက်နေ့ နေ့လည်က ဆိုင်ကယ်ခိုးယူခံခဲ့ရသူ ဒေါ်အားတူက ” ကျွန်မတို့က ဆေးမြစ်တွေလိုက်ရောင်းရတာ၊ကလေး ကျောင်းပို့လည်း ဒီဆိုင်ကယ်ပဲသုံးရတာ၊ တစ်နေ့ဝင်ငွေနဲ့တစ်နေ့စားနေရတာ၊တစ်ခါနိုင်ငံတော်က ထောက်ပံ့လိုက် အသင်းတော်ကထောက်ပံ့လိုက်နဲ့ ရပ်တည်နေရတာ၊ပျောက်သွားတဲ့ဆိုင်ကယ် ကိုပြန်ဝယ်နိုင်ဖို့လည်း မလွယ်ဘူး၊ နှမျောတယ် ” ဟု ပြောသည်။

ဆိုင်ကယ်ခိုးယူခံရတဲ့သူအများစုက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခြင်းနည်းပါးကြောင်း၊ တရားခံဖမ်းမိသည့်အခါ အမှုခိုင်မာအောင်မတည်ဆောက်နိုင်သည့်အတွက် အခက်အခဲကြုံရကြောင်း အမည်မဖော်လိုသူရဲအရာရှိ တဦးက ပြောသည်။

Red News Agency

By Editor