QUARANTINE ဝင်နေသည့် အမျိုးသမီးအခန်း တံခါးဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို ထောင်ဒဏ် ၆လ ချမှတ်

ဒီလှိုင်း၊ မြိုင် ၊ မေ ၁၂ ရက် ။

Quarantine ဝင်နေသည့် အမျိုးသမီး အခန်းတံခါးဆွဲဖွင့်ခြင်း၊ မီးထိုးကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် ဆယ်အိမ်မှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဟု မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ယနေ့ ( မေလ ၁၂ ရက်) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်ချက် အစီအစဉ်တွင် ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာ စာသင်ကျောင်းတွင် မေလ ၆ ရက်နေ့က Quarantine ၂၁ ရက်ဝင်နေသည့် ဒေါ်ဌေးခိုင်နှင့် သမီးဖြစ်သူတို့ အိပ်နေစဉ် ည ၁၁ နာရီဝန်းကျင်က သောက်စားမူးယစ်နေသည့် Quarantine စောင့်လုပ်နေသူ ဆယ်အိမ်မှူး နိုင်လင်းက ဂျက်ချထားသည့် တံခါးများကို ဆွဲဖွင့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” မနေ့က တရားခံကိုစစ်ဆေးနေတဲ့အချိန်မှာQuarantineထားတဲ့ အမျိုးသမီးအခန်းကိုပြတင်းပေါက်ဆွဲလှပ်တာ ဟုတ်ပါသလား၊ဖုန်းမီးတွေနဲ့ထိုးတာဟုတ်ပါသလား၊ကြိုးတားထားတဲ့အခန်းကိုဘာလို့သွားတာလဲလို့ တရားသူကြီးမေးတာကိုတရားခံကဝန်ခံသွားတာကြောင့် တရားသူကြီးက စစ်ဆေးခြင်းမရှိတော့ပဲနဲ့ အလုပ်ကြမ်းနဲ့ထောင်၆လအမိန့်ချမှတ်လိုက်ပါတယ်၊ သူကတော့တစ်ကယ်တမ်းကြံစည်လိုက်ပေမဲ့ကျွန်မသတိရှိလို့မအောင်မြင်လိုက်တာပါ၊ကိုယ်ထိလက်ရောက်မဟုတ်တဲ့အတွက်ကြောင့်တရားသူကြီးဆုံးဖြတ်တဲ့အတိုင်းပဲအေးနေလိုက်ပါတယ်” ဟု မြိုင်မြို့နယ်၊မန်းကျီးကန်အုပ်စု၊ကန်ကြီးကျေးရွာမှဒေါ်ဌေးခိုင်ကပြောသည်။

Quarantine ဝင်နေသည့် အမျိုးသမီးအခန်းကို မူးယစ်သောက်စားထားပြီး တံခါး ဆွဲလှပ်ခြင်း၊ ဖုန်းမီးများနှင့် ထိုးကြည့်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့်အတွက် မေလ ၁၁ ရက်နေ့က မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် တရားရုံးက ဆယ်အိမ်မှူး နိုင်လင်းကို ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က ” မနေ့တုန်းကမြိုင်တရားရုံးက‌အမိန့်ချလိုက်ပါပြီ၊အလုပ်ကြမ်းနဲ့ထောင်ဒဏ်၆လချလိုက်ပါတယ်၊COVIDနဲ့တရားစွဲလိုက်ပါတယ်၊မသိတာကေ ာသိတာတာကောဒီလိုမျိုးဖြစ်ကြတာရှိကြပါတယ်၊ ကျွန်တော်တို့လဲလက်လှမ်းမှီသလောက်တော့ကျိုးကျိုးစားစားလုပ်နေပါတယ်၊ ဘော်လန်ဒီယာနဲ့ ပရဟိတလူအင်အားမရှိတော့ရှိတဲ့လူနဲ့ Quarantineစောင့်ကြည့်နေရာတွေမှာ ချလိုက်တော့ မူးတဲ့ရူးတဲ့လူနဲ့တွေ့သွားတော့ ဒီလိုကိစ္စတွေဖြစ်သွားတာပါ၊ စီမံခန့်ခွဲမှုညံ့တာပေါ့ဗျာ၊ အမျိုးသမီးတစ်ယောက်ထဲရှိတဲ့ Quarantine မှာ အမျိုးသမီးတွဲပြီး အစောင့်ထားသင့်တာပေါ့၊သူတို့ကတော့ ဆယ်အိမ်ခေါင်းကကြံစည်တာဆိုတော့ ဖာတာထေးတာလုပ်ချင်ကြတာပေါ့၊ ကျွန်တော်တို့ကတော့ အုပ်ချုပ်ရေးပိုင်းကကြည့်ကြည့်၊ တရားဥပဒေစိုးမိုးရေးအပိုင်းကပဲ့ကြည့်ကြည့် ဒါမျိုးကိစ္စတွေလွှတ်ထားလိုကတော့မဖြစ်ဖူးပေါ့၊အဲဒါကြောင့်COVIDနဲ့ပဲတရားစွဲလိုက်ပါတယ် ” ဟု ပြောသည်။

ဒေါ်ဌေးခိုင်သည် ပုဂံမြို့သစ်ဟိုတယ်မှာ အလုပ်လုပ်ရာမှ မေလ ၁ ရက်နေ့က ရွာသို့ပြန်လာခဲ့ရာတွင် နယ်ကျော်ဖြစ်သည့်အတွက် Quarantine ၂၁ ရက် ဝင်နေခြင်း ဖြစ်သည်။

Red News Agency

By Editor