ရဲဝန်ထမ်း တချို့က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုင်ပိုင်ရှင် ပြောကြားသည့်အပေါ် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် ပြန်လည်ရှင်းလင်း

ရိုက်ကူး၊ ဒီလှိုင်း၊ မကွေး၊ ဇွန် ၁၉ ရက်။

မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲတို့က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို တုတ်ဖြင့်ရိုက်ခြင်း၊သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများပြု လုပ်ခဲ့သည့်ကို CCTV မှတ်တမ်းနှင့် ပြောပြခဲ့ခြင်းများနှင့် ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ဖြစ်စဉ်ကို ရှင်းပြထားသည်။

ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ မလုပ်ခဲ့သည့်အတွက် ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်ရဲများကို အရေးယူမည်ဖြစ်ကြောင်း၊ အထက်လူကြီးများကိုလည်း ဖြစ်စဉ်ကို သတင်းမပို့ခဲ့ကြောင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲမှူးမြင့်လွင်က ဇွန်လ ၁၈ ရက်နေ့က မကွေးသတင်းထောက်များကို ရဲစခန်းတွင်ခေါ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူရဲများကို အရေးယူနိုင်ရေး ထမင်းဆိုင်ပိုင်ရှင်က နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

Red News Agency

By Editor