“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

“တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်”

မင်းသွေးသစ်

မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုကြီးနေတဲ့ ကာလတုန်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာမတူ၊ အသက်အရွယ်မတူကြပေမယ့် ယုံကြည်ချက်တူကြတဲ့ လူငယ်တစ်စု စုစည်းမိကြတယ်။အသိအမှတ်ပြုသူမရှိ၊ အလံလွှဲသူမရှိ ကိုယ့်ကိုကိုယ်ဗကသလို့ ခံယူပြီး အမှန်တရားနဲ့တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းခဲ့စဉ်ကပေါ့။

“ငါတို့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ်လေးတစ်ခု လုပ်ပေးကြရအောင်ကွာ။ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အကျယ်ချုပ်နေတဲ့ သူကြားရင် ကျောင်းသားလူငယ်တွေထဲမှာလဲ သူ့ကိုမမေ့သေးကြောင်း၊ ထောက်ခံကြောင်း သိရရင် စိတ်အားတက်မှာပဲ”

“ဘယ်လိုလုပ်ကြမှာလဲကွ။မလွယ်ဘူးထင်တယ်။ဆွမ်းကပ်ဖို့လဲ လိုက်ရဲတဲ့သံဃာတွေက အကုန်ထောင်ထဲမှာ၊ မွေးနေ့ပွဲကိုယ့်ဟာကိုယ် လုပ်ပေးဖို့အတွက်လဲ မွေးနေ့ကိတ်မှာရင် ဆိုင်တွေက လုပ်ပေးရဲကြမယ်မထင်ဘူး”
“အားလုံးဝိုင်းစုလိုက်ရင် ပိုက်ဆံနည်းနည်းတော့ရမှာပဲ။ငါ့အသိတစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံလေးတွေ ထုတ်ခိုင်းမယ်ကွာ။ကျောင်းထဲမှာ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုလေးတစ်ခု လုပ်ကြမယ်။အားလုံးသိုသိုသိပ်သိပ်လုပ်ရင် ဘာရှော့မှ မရှိနိုင်ပါဘူး”

လက်တွေ့ခန်းထဲမှာ တဲ့ ကျောင်းသားကျောင်းသူတွေ သူ့အစုနဲ့သူ သိပ္ပံလက်တွေ့ လုပ်နေကြသည်။
“ဟေ့ ဒီအခန်းမှာ သီဟသန်းဝင်းရှိလား”
“ရှိပါတယ် ဆရာမ”
“တီချယ်ကြီးက ဌာနကို ခဏလာခဲ့ပါဦးတဲ့”

“ဟေ့ကောင်တွေ ပြဿနာတော့ တက်ပြီထင်တယ်ကွ။မင်းတို့ အတန်းထဲမှာ မနေနဲ့တော့။တခြားကောင်တွေကို သွားပြောပြီး ကျောင်းရှေ့ကစောင့်နေတော့။ကျောင်းလွှတ်လို့ ငါပြန်မလာရင် အခြေအနေကြည့်ပြီးသာ ဆက်လုပ်တော့။ငါဌာနကိုသွားလိုက်ဦးမယ်”

“တီချယ်ကြီး သားရောက်ပါပြီ”
“အေး..ထိုင်သား။ပြောစရာရှိလို့ ခေါ်ခိုင်းလိုက်တာ”
“မနေ့က ကျောင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကြဲသွားတယ်တဲ့။သားက ကော်ရစ်တာထောင့်ချိုးတွေရဲ့ အုတ်ဘောင်ပေါ်မှာ လိုက်ထောင်နေတာ တွေ့တဲ့သူက တွေ့တယ်တဲ့။မနက်က ကျောင်းသားရေးရာမှာ သားရဲ့အချက်အလက်တွေ ထောက်လှမ်းရေးက လာကူးသွားတယ်”
“သူတို့ကလဲ ခဏခဏလာကူးနေတာ အခုထိမမှတ်မိသေးဘူးလားမသိဘူး”
“ဟဲ့ကလေး ဒါနောက်စရာမဟုတ်ဘူး။မင်းကိုစိတ်ပူလို့ တီချယ်ကြီး သတိခေါ်ပေးတာ။သားရဲ့ယုံကြည်ချက်ကို တီချယ်ကြီး ဘာမှမပြောချင်ပါဘူး။ဒါပေမယ့် ကိုယ့်အန္တရာယ်တော့ ကိုယ်ကြည့်ရှောင်ကွယ်။တပည့်တွေကို ဘာမှမဖြစ်စေချင်ဘူး။ကျောင်းပြီးအောင်သာ အရင်လုပ်ပါ။ကျောင်းပြီးရင် မင်းဝါသနာပါတဲ့ ယုံကြည်ရာအတိုင်း ပိုပြီးလုပ်နိုင်လိမ့်မယ်။လောလောဆယ်တော့ ကျောင်းစာကိုပဲ စိတ်ဝင်စားစေချင်တယ်ကွယ်”

“ဟုတ်ကဲ့ပါ တီချယ်ကြီး။သားသတိထားပါ့မယ်”

ကျောင်းရှေ့ကန်တင်းထဲ တပြုံးပြုံးနဲ့ဝင်လာတဲ့ကျွန်တော့်ကို သိချင်တဲ့မျက်လုံးတွေနဲ့ ထိုင်လိုက်ထလိုက် ဂဏာမငြိမ်သူရဲဘော်ရဲဘက်တဖြစ်လဲ သူငယ်ချင်းတွေက လှမ်းမေးကြတယ်။
“သီဟ အခြေအနေဘယ်လိုလဲ”

ကျွန်တော်ပါးစပ်ကမပြောပဲ ပြုံးပြီးလက်သီးကိုဆုပ်လို့ သူတို့ရှေ့ထိုးပေးလိုက်တယ်။လက်သီးဆုပ်တွေ တစ်ခုပြီးတစ်ခု ကျွန်တော့်လက်သီးကို လာထိပြီး သက်ပြင်းချကြတယ်။ပြီးတော့မှ မနေ့ကအတွေ့အကြုံတွေကို ပြန်ပြောဖြစ်ကြတယ်။
“မနေ့က ငာတို့ကြဲလိုက်တာ ပုံပေါင်းရာနဲ့ချီနေတာပဲ။အဲဒါတောင် တစ်ပုံတစ်လေမှ လမ်းပေါ်မကျန်ခဲ့ဘူး။ငါတွေ့တာ ကျောင်းသားတွေရော ကျောင်းသူတွေရော ဓါတ်ပုံတွေကောက်ပြီး စာအုပ်ကြားထဲ တယုတယနဲ့ညှပ်ပြီး ယူသွားကြတယ်ကွ။ကျောင်းသားတချို့လောက်သာ မကောက်ရဲလို့ တွေ့ရဲ့သားနဲ့ ရှောင်သွားကြတာ”

“ဓမ္မနဲ့အဓမ္မမှာ ဘယ်ဘက်ရပ်ရမယ်ဆိုတာ အကြောက်တရားသာမဖုံးထားရင် လူတိုင်းမြင်ပါတယ်ကွာ”
“ကျောင်းသားတချို့ကသာ ရှောင်သွားတာပါကွာ။ကျောင်းလုံခြုံရေးတွေကတော့ တွေ့သမျှပုံ အကုန်လိုက်ကောက်တော့တာပဲ။သူတို့လက်ထဲလဲ ပုံတချို့ပါသွားတယ်”
“သူတို့က ဘာလုပ်ဖို့ လိုက်ကောက်ကြတာလဲ”
“ကျောင်းသားတွေလက်ထဲကို အများကြီးရောက်မသွားအောင်ရယ်၊ ထောက်လှမ်းရေးကို ပြန်ပြနိုင်အောင်ရယ်ပေါ့ကွာ”
“အိမ်မှာကိုးကွယ်ချင်ရင် ပုံအကြီးကြီး ပို့ပေးမယ်လို့ နောက်နေ့စာသွားပစ်ရအောင် ဟား…ဟား…”

သန်လျင်မြို့တနေရာမှ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲရှိ ကျွန်တော်တို့စားပွဲဝိုင်းသို့ လူလတ်ပိုင်းတစ်ဦးဝင်ရောက်လာသည်။
“ခဏထိုင်မယ်နော် ညီလေးတို့”
“ရပါတယ်ထိုင်ပါ။ဘာကိစ္စရှိလို့လဲဗျ”
“ဒီကညီလေးသီဟနဲ့ ပြောချင်လို့ပါ။အကိုက ထောက်လှမ်းရေးအကူ(…)ကပါ”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာတယ်ဗျာ။ပြောပါအကို။ဘာပြောမလို့လဲ”
“ဟိုနေ့က ကျောင်းထဲမှာ ညီလေးတို့ကြဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေက ဘယ်ကရပြီး ဘယ်သူပေးတာလဲဆိုတာ သိချင်လို့ပါ။ညီလေးဘာမှ မဖြစ်စေရပါဘူး။အကိုအာမခံတယ်။ဘယ်နေရာကရတယ်။ဘယ်သူပေးတယ်ဆိုတာလေးပဲ သိချင်တာပါ”
“ဪ…ဒါလားအကိုရ။ကျွန်တော်အဲဒီပုံတွေကို ကျောင်းရှေ့က လမ်းပေါ်ကရတာပါ။ကိုယ့်ထက်အသက်ဂုဏ်ဝါကြီးတဲ့ လူကြီးတစ်ယောက်ပုံ လမ်းပေါ်မှာကျနေတာ မသင့်တော်လို့ လိုက်ကောက်ပြီး ကော်ရစ်တာ ထောင်ထားခဲ့တာပါ”
“ရပါတယ်ညီလေး။အခုမပြောချင်လဲ ပြဿနာမရှိပါဘူး။ဒါပေမယ့် ညီလေးအတွက် အန္တရာယ်ရှိလာနိုင်လို့ သတိလာပေးတာပါ”

“ကျေးဇူးတင်တယ် အကို။နောက်တခါတွေ့ရင် ကျွန်တော်အိမ်ပဲယူသွားလိုက်ပါ့မယ်”

တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်။

“Happy Birthday ပါ အန်တီဒေါ်အောင်ဆန်းစုကြည်”

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *