သလ္လာဝတီ မြစ်ညာဆီသို့

ရေမြင့်ရင်အနေမြင့်၊ ရေကျရင် အနေကျ၊ ငါးချလို့ဝမ်းစာရှာပြီး မြစ်ရေကြောမှာ အလိုက်သင့်ရှင်သန်နေကြတဲ့ တံငါသည်တွေရဲ့ဘဝ

​ကျော်သူစိုး ( ကလေးမြို့)

သလ္လာဝတီလို့ခေါ်တဲ့ ချင်းတွင်းမြစ်အထက် ရေမိုင်(၅ဝ)ဆန်တက် ခရီးထွက်ခွင့်ကြုံခဲ့ရတာ လေးကို ရင်ထဲမှာသတိတရဖြစ်နေတုန်းပါ။ ကုသိုလ်နဲ့ဒေသန္တရ ဗဟုသုတတွေ ထုပ်ပိုးသယ်ပြန်ခဲ့ရ တဲ့ ခရီးစဉ်တစ်ခု …။ မွေးရာပါမျက်မမြင်ဖြစ်ခဲ့ရတဲ့ မောင်နှမ(၄)ယောက်အတွက် ထောက်ပံ့ရေးအလှူငွေ သွားပို့ ပေးတဲ့ ခရီးစဉ်တစ်ခု ..။ မော်လိုက်မြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ “လောင်းကောင်း”ဆိုတဲ့ ရွာ ကလေးဆီသို့ …။

သူတို့မောင်နှမ(၄)ယောက်အတွက် အထောက်အပံ့ဖြစ်စေမယ့် အလှူငွေအချို့ကို သွား ရောက် ထောက်ပံ့ကြတာပါ။ ကျွန်တော့်ငွေအင်အားနဲ့ ထောက်ပံ့နိုင်ခြင်းကားမဟုတ်။ ကျွန်တော့်သတင်းတစ်ပုဒ် အကျိုး ကြောင့် လှူနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ မွေးရာပါစက္ခုအလင်းမဲ့ခဲ့ရတဲ့ သူတို့မောင်နှမလေးယောက်ကို သီတဂူစက္ခုဒါန ဆေးရုံကြီး (ကလေးမြို့)မှာ လာရောက်ပြသရာကတစ်ဆင့် အခလွတ်ခွဲစိပ်ကုသအောင်မြင်ခဲ့တဲ့အကြောင်း ကျွန်တော်ရေးတဲ့သတင်းကို မြန်မာတိုင်းမ်ဂျာနယ်မှာဖော်ပြခဲ့တယ်။ အဲဒီသတင်းလေးကိုဖတ်ပြီး မူဆယ်မြို့မှ ဦးတင်ယုက ကျွန်တော့်ထံမှတစ်ဆင့် သူတို့မိသားစုလေးအတွက်ထောက်ပံ့ငွေကို အကြိမ်ကြိမ်လှူဒါန်းဖြစ်ခဲ့ပါတယ်။

မွေးရာပါ စက္ခုအလင်းမရခဲ့သူ မောင်နှမလေးဦး ( ဓာတ်ပုံ – ကျော်သူစိုး )

ပထမအကြိမ်လှူဒါန်းငွေကျပ်တစ်သိန်း၊ ဒုတိယအကြိမ်လှူဒါန်းငွေကျပ်နှစ်သိန်း၊ တတိယ အကြိမ်ကျပ်သုံးသိန်း …နောက် ကျပ်ငါးသိန်း၊ ကျပ်ဆယ်သိန်းအထိ နှစ်စဉ်နီးပါး လှူဒါန်း ခဲ့ပါတယ်။ပထမနှင့်ဒုတိယအကြိမ် လှူဒါန်းငွေတွေကိုတော့ စာရေးသူနှင့်မိတ်ဆွေကြီးဆရာအောင်မူး (ပန်းချီ)တို့က လောင်းကောင်းရွာအထိ ချင်းတွင်းမြစ်ကိုဆန်တက်ပြီး သူတို့မိသားစု လက်ထဲ အရောက် ငွေသားသက်သက်ကို လှူဒါန်းခဲ့ကြပါတယ်။

အလှူရှင်ဦးတင်ယုရဲ့ တတိယအကြိမ်လှူဒါန်းမှုမှာ သူတို့မောင်နှမလေးတွေအတွက် ငွေသားမလှူတော့ဘဲ ချင်းတွင်းမြစ်ကိုအမှီပြုအသက်မွေးနေကြတဲ့ သူတို့မိသားစုလေးအတွက် ပဲ့ချိတ်လေးတစ်စင်းဝယ်လှူဖို့ စိတ်ကူးကောင်းခဲ့တဲ့ ဆရာအောင်မူး(ပန်းချီ)နှင့်အတူ ကာယကံ ကုသိုလ်တွေထုပ်ပိုးလို့ သလ္လာဝတီမြစ်ညာဆီသို့ ဆန်တက်ခွင့်ကြုံခဲ့ရတဲ့ ခရီးစဉ်လေးကို မှတ်မှတ် ရရ …..။

လွန်ခဲ့သော သက္ကရာဇ်တွေထဲမှ ၁ဝ.၁ဝ.၂ဝ၁၁ ရက်နေ့။

နံနက်(၇းဝဝ)နာရီမှာ ကလေးမြို့ကနေ ဆိုင်ကယ်တက္ကဆီတစ်စီးငှားပြီး ဆရာအောင်မူး နှင့်အတူ ကလေးဝမြို့ကို ခရီးစထွက်ခဲ့ကြတယ်။ ကုန်းလမ်းခရီး(၂၄)မိုင်ကွာဝေးတဲ့ ကလေး-ကလေးဝကားလမ်းခပ်ကြမ်းကြမ်းပေါ် ဆိုင်ကယ်တစ်စီးကို လူသုံးယောက်စီးပြီး မညည်းမညူ မောင်းနှင်ခဲ့ကြတယ်။
ကလေး-ကလေးဝကားလမ်းဟာ မြစ်သာမြစ်နဲ့ အပြိုင် အနောက်ဘက်ကမ်းပါးယံအတိုင်း ဖောက်လုပ်ထားတဲ့လမ်းပါ။ ကားလမ်းအနောက် ဘက်တောင်တန်းတွေဟာ သက်နုတောင် များဖြစ်ခြင်း၊ မြေလွှာပြတ်ရွေ့မှုများဖြစ်တတ်ခြင်း၊ သစ်ထုတ်လုပ်ရေးကားကြီးများ ဖြတ်သန်း မောင်းနင်းခံရတာကြောင့် ကလေး-ကလေးဝကားလမ်းရဲ့ကျောကုန်းဟာ အချိုင့်အခွက် ဒဏ်ရာ ဒဏ်ချက် ကြီးငယ်များစွာဖြင့်ပါပဲ။

မိုးကလေးညို့လာရင် ဟိုနေရာတောင်ပြိုလိုက်၊ ဒီနေရာ ကမ်းပါးပြိုစားလိုက်နဲ့ ဒါဏ်ရာ အနာတရများစွာနဲ့ ကြံ့ကြံ့ခံနေရတဲ့ လမ်းပိုင်းတစ်ခုပါပဲ။ ဆီခြံနားအရောက်မှာတော့ တောင်ပြိုလို့လမ်းပိတ်ပြီး စက်ယန္တရားတွေနဲ့ တောင်ပြိုမြေစာ တွေကိုဖယ်ထုတ်နေကြပါတယ်။ တောင်ကမ်းပါးယံပြိုခြင်းမဟုတ်ဘဲ တောင်တန်းရဲ့ထိပ်ပိုင်းတစ်ခု အရှိန်ပြင်းပြင်းပြိုဆင်းလာပြီး လမ်းတစ်ခုလုံးကို ပိတ်ဆို့သွားလို့ သုံးဘီးဆိုင်ကယ်တွေတောင် ဖြတ်မရတာ တစ်ပတ်လောက်ကြာခဲ့တယ်။ ကုန်ပစ္စည်းတွေကိုတော့ ဟိုဘက်ဒီဘက် လုပ်သား တွေနဲ့ကယ်ရီလုပ်ပြီး ကုန်စည်တွေစီးဆင်းခဲ့ကြရတယ်။

ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ ဆိုင်ကယ်တွေဖြတ်မောင်းလို့ရပြီမို့ ကံကောင်းခဲ့တယ်။ တောင်ပြိုတဲ့နေရာကိုကျွန်တော်တို့ရောက်တဲ့အချိန်မှာ သုံးဘီးတစ်စင်းကို ခရီးသည်တွေ ဝိုင်းတွန်း ပြီးဖြတ်ကူးနေတာတွေ့တယ်။ ခပ်အိအိမြေစာတွေထဲမှာ တစ်ဝက်လောက်ကျွံ့နေတဲ့သုံးဘီးကို အင်နဲ့အားနဲ့ဝိုင်းတွန်းဖြတ်ကူးနေကြတဲ့ပုံကို ကင်မရာနှင့်အမိအရရိုက်ထားလိုက်တယ်။ ပြီးတော့ တောင်ပြိုကျလာတဲ့နေရာ၊ လိမ့်ဆင်းပြီးပိတ်ဆို့နေတဲ့ လေးငါးပေပတ်လည်လောက် ကျောက်တုံး ကြီးတွေရဲ့ပုံ၊ ပြီးတော့ တောင်ပြိုမြေစာတွေကို မြစ်သာမြစ်ထဲဆွဲချဖို့ထားတဲ့ပုံတွေရိုက်ခဲ့ပြီး ခရီးဆက်ခဲ့ကြတယ်။ ကလေး-ကလေးဝကားလမ်းက မရှု မလှ …..။

ဆိုင်ကယ်တက္ကစီဆရာက စကားမစပ်ဘဲ- “ ဆရာရေ ကျွန်တော်တော့ မုလေးရုံတောအစ၊ ဒေါနလမ်းမြေညီ၊ လျောကျစမ်းရေသင်းကြည် တယ် … ဆိုတဲ့ကဗျာစာသားလေးနဲ့ ယာကြီးလမ်းကို ယှဉ်ကြည့်ဖူးတယ်ဗျ။ ကျုပ်တို့ယာကြီးလမ်း ကိုတော့ မဟာမြိုင်တောအစ … ဆိုပြီးဘယ်လိုဆက်စပ်ရင်ကောင်းမလဲလို့ ” ဆိုပြီး ခပ်သောသောပြောလာတယ်။

သူပြောတာကိုနားထောင်ပြီး ကျွန်တော်သဘောကျ သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အရွှင်ဖောက်ပြီး “ ဒါဆိုဒီလိုလေးဆက်ကြည့်ရအောင်ဗျာ။ မဟာမြိုင်တောအစ၊ သောကလမ်းမြေမဟီ၊ ဒေါသကြမ်းတောင်ကြီးပြိုတယ်၊ သစ်ကြီးတွေ ခုတ်ရောင်းလို့…။ ဆရာမူးရေ ကျန်တာတော့ဆရာပဲ ဆက်လိုက်ဦးဗျ ” ဆိုတော့ ဆရာအောင်မူးက ခပ်ပြုံးပြုံးကြီးလုပ်နေလေရဲ့။ စကားအင်မတန်ပြော နိုင်တဲ့ ဆိုင်ကယ်တက္ကစီဆရာရဲ့ လေကြောမှာမျောရင်း ခရီးဟာတိုသွားတယ်။

ကလေးဝမြို့ ဆိပ်ကမ်း (ဓာတ်ပုံ – ကျော်သူစိုး )

နံနက်(၉း၃ဝ)လောက်မှာတော့ ကလေးဝမြို့ကိုရောက်ခဲ့ကြတယ်။ ကလေးဝမြို့ဟာ ချင်းတွင်းမြစ်(သလ္လာဝတီမြစ်)နှင့်မြစ်သာမြစ်(မောရိယမြစ်)တို့ လက်ချင်း တွဲဆက်လိုက်တဲ့မြစ်ဆုံရဲ့ အနောက်ဘက်ကမ်းအငူပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ ဆိပ်ကမ်းမြို့ လေးပါ။ကလေးဝဆိပ်ကမ်းဟာ ဈေးသည်ဈေးဝယ်တွေနဲ့ ကျွတ်ကျွတ်ဆူညံ အသက်ဝင်လှုပ်ရှား နေပါတယ်။

ကမ်းနဖူးတလျှောက်၊ မြစ်ထဲကိုဆင်းတဲ့ လှေခါးထစ်တွေတစ်လျှောက်မှာ ခေါင်းရွက် ဗျတ်ထိုးဈေးသယ်တွေနဲ့ ပြည့်နေတယ်။ ကမ်းမှာကပ်ထားတဲ့အမြန်ရေယာဉ်တွေပေါ်သာမက ချင်းတွင်းမြစ်လယ်နီးပါးမှာ ခုတ်မောင်းနေတဲ့အမြန်ရေယာဉ်ဘေးထိ လှေကလေးတွေနဲ့ကပ်သွား ပြီး ဈေးရောင်းကြသူတွေလည်းရှိတယ်။ အန္တရာယ်များလှပါဘိ။

“ ကလေးမြို့နယ်ကိုဖြတ်ပြီး တောင်မှမြောက်၊ ယင်းနောက် အနောက်မှအရှေ့သို့ စီးဆင်းလာပြီး ချင်းတွင်းမြစ်နှင့်ပေါင်းဆုံသည့် မြစ်သာမြစ်ခေါ် ကာလေးမြစ်၏ ‘အဝ’တွင်တည်ရှိသော ဒေသဖြစ်၍လည်းကောင်း၊ ကလေးမြို့၏ ‘တံခါးဝ’သဖွယ် တည်ရှိနေခြင်းကြောင့်လည်းကောင်း “ကလေးဝ”ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်ဟု အနုမာနအားဖြင့်ခန့်မှန်းယူဆရကြောင်း…”လို့ ကလေးဝမြို့နယ်ဖြစ်စဉ်မှတ်တမ်းမှာ ဖွင့်ဆိုထားပါတယ်။

မြစ်ကမ်းနဘေး လမ်းမှသွားလာနေမှု မြင်ကွင်။ ဓာတ်ပုံ – ကျော်သူစိုး

“တကောင်းအဘိရာဇာမင်းကြီး၏ သားတော်ကြီးကံရာဇာကြီးသည်ပင် ညီတော်နှင့်မဏ္ဍပ် အပြိုင် ဆောက် လုပ်ရာ၌ ရှုံးနိမ့်သဖြင့် နောက်လိုက် နောက်ပါများနှင့်အတူ ဧရာဝတီမြစ်ကိုစုန်၍ ချင်းတွင်းကိုဆန်တက်ပြီးလျှင် ယခု ကလေးဝမြို့နေရာမှ မြစ်သာမြစ်အတိုင်း(ကလေး-တောင်ညို) ရာဇဂြိုလ်(နွယ်ပတ်မြို့ဟောင်း)သို့ သွားရောက်၍ ဗိုလ်ဝင်ခံခဲ့ကြောင်း ” မှန်နန်းရာဇဝင်ပထမတွဲ၊ စာမျက်နှာ-(၁၇၆၊၁၇၇)ကို ကိုးကားထားတဲ့ ကလေးဝမြို့၊ ရွှေမုဋ္ဌောဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။

သီရိဓမ္မာသောကမင်းကြီးရဲ့ စေတီပေါင်းရှစ်သောင်းလေးထောင်စာရင်းဝင်တဲ့ သာသနာ သမိုင်းဝင် ရွှေမုဋ္ဌောဘုရားပေါ်ကနေ မြစ်သာနှင့်ချင်းတွင်းမြစ်ဆုံအလှကို အပြည့်အဝခံစားလို့ ရနိုင်ပါတယ်။ ကလေးဝဆိပ်ကမ်းမှ ချင်းတွင်းအထက်ကို ခန္တီးမြို့အထိ ရေမိုင်(၃ဝ၈)မိုင် ရေဆန်ခရီးစဉ်၊ ချင်းတွင်းအောက်ပိုင်းကိုစုန်ဆင်းရင် မုံရွာမြို့အထိ ရေမိုင်(၁၄၇)မိုင် ရှော်တယ်၊ အမြန်ယာဉ်၊ မော်တော်နဲ့သဘောၤတွေ ခုတ်မောင်းပြေးဆွဲလျက်ရှိပါ တယ်။ ကျွန်တော်တို့ခရီးစဉ်က ချင်းတွင်းအထက် မော်လိုက်မြို့ကို ရေဆန်ခရီးစဉ်။ ကလေးဝမြို့မှမော်လိုက်မြို့ အထိ ရေမိုင်(၄ဝ) ခရီး။

ကလေးဝမြို့ကနေ မော်လိုက်အထိ ရှော်တယ်စီးပြီးသွားကြရမှာပါ။ ရှော်တယ် လက်မှတ် ဖြတ်လိုက်တော့ တစ်ယောက်ကို(၄ဝဝဝ)တဲ့။ တစ်နေကုန်နီးပါးစီးရမှာမို့ လမ်းမှာအဆာပြေစားစရာ လေးတွေနှင့်ရေသန့်ဗူးလေးတွေ ဝယ်ပြီးရှော်တယ်အထွက်စောင့်နေခဲ့ကြတယ်။ နံနက်(၉နာရီ ၄၅မိနစ်)လောက်မှာ ထွက်မယ်ဆိုတဲ့ရှော်တယ်ဟာ ခရီးသည်နည်းနေ သေးလို့ ဆီဖိုးတောင်မရသေးလို့ဆိုပြီး ကလေးမြို့က ဈေးကားအဝင်နှင့်ခရီးသည်စောင့်ရ သတဲ့။စောင့်ရင်းစောင့်ရင်း နံနက် (၁ဝနာရီ၊ ၄၅မိနစ်)လောက်မှ ထွက်ရပါတော့တယ်။ ကလေးဝမြို့ဆိပ်ကမ်းကနေ ရှော်တယ်စထွက်တယ်ဆိုရင်ပဲ ရှော်တယ်ဦးက စီးရင်း မြစ်ကြာင်းတလျှောက်ရှိ တောတောင်ကမ်းပါးယံတွေနဲ့ သလ္လာဝတီရဲ့အလှ၊ သလ္လာဝတီရဲ့ဘဝ တစ်ချို့ကို ကင်မရာတစ်လုံးနှင့် တဖျပ်ဖျပ် မှတ်တမ်းတင်မိပါတော့တယ်။

မြစ်ကမ်းနားဘေး တနေရာ – ဓာတ်ပုံ = ကျော်သူစိုး

စိတ်ကိုလန်းဆန်းသွားစေတဲ့ရှုမြင်ကွင်းတွေဟာ ဘဝကိုပါ လတ်ဆတ်သွားစေခဲ့သလို၊ တအိအိပြိုကျနေတဲ့ကမ်းပါးနေရာတွေ၊ သစ်ပင်ကြီးတွေဟာ အမြစ်အအုံတွေကျွတ်ထွက် ပြောင်းပြန်လန် လဲကျနေတဲ့မြင်ကွင်းတွေက ရင်ကိုမောစေပြန်တယ်။ ချင်းတွင်းမြစ်ကြောင်းတလျှောက် အနောက်ဘက်ကနေကာရံပေးနေတဲ့ တောင်တန်းကို မြစ်လယ်ကနေ အလျားလိုက်ပြန်ကြည့်လိုက်ရင် တောင်ဘက်ကနေ(၄၅)ဒီဂရီ လောက်စောင်း တက်လာပြီး တစ်ဖက်ရောက်ရင်(၉ဝ)ဒီဂရီနီးပါးလောက် လျောဆင်းသွားပုံတွေဆက်နေတဲ့ တောင်တန်းပုံက ပက်လက်လှန်ထားတဲ့ တစ်ဖက်ထိုးလွှသွားတွေနဲ့တူတယ်။

တစ်ချို့နေရာတွေမှာ သစ်ပင်ကြီးတွေပါးနေတဲ့တောင်နံရံတွေကို ခပ်ရှင်းရှင်းမြင်နေရတယ်။ တစ်ချို့တောင်နံရံတွေမှာ ချွန်ထက်မာကြော တဲ့လက်သည်းတွေနဲ့ကုတ်ခြစ်ခံထားရသလို အထက် အောက်အစင်းကြောင်း ညိုမည်းမည်းကြီးတွေဖြစ်နေတာတွေ့ရတယ်။ တောင်ကျရေတိုက်စား သွားပြီးလို့ ထင်ကျန်ရစ်ခဲ့တဲ့ လျိုမြောင်တွေကို အဝေးကလှမ်းမြင်ရတဲ့မြင်ကွင်းပါပဲ။

သစ်ပင်ကြီးတွေပါးသွားတော့ တောင်ကျရေတိုက်စားမှုဒါဏ်တွေကို ထိန်းမထားနိုင် တော့ဘူး။ တောင်ယာစိုက်ပျိုးလို့ရတဲ့မြေဆီလွှာတွေကိုလည်း တောင်ကျရေတွေက တိုက်စားဖြိုချ သွားကြတာပေါ့။ ပထမအကြိမ် ရေတက်ချိန်လာတုန်းက အဲဒီတောင်နံရံတွေကနေ တောင်ကျရေ တွေဖွေးနေအောင်ဖြာကျစီးဆင်းနေတဲ့မြင်ကွင်းကို ကင်မရာနှင့် လှမ်းဆွဲပြီး မှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ဖူးတယ်။

 

သစ်တောတွေဆုတ်ယုတ်သွားတဲ့အင်အား၊ တောပြုန်းသွားတဲ့တောင်နံဘေးသားတွေဟာ အတ္တလက်သည်းချွန်ကြီးတွေရဲ့ ကုတ်ခြစ်ခံဒဏ်ရာတွေပေါ့။ အဲဒီဒဏ်ရာတွေဟာ နွေရာသီမှာ ပြည်တည်နာတွေလို ထင်ကျန်ရစ်ခဲ့တယ်။ တောင်ပြိုမိုးရဲ့အငြိုးအတေးတွေရွာသွန်းလာရင် ရေနဲ့မြေဆီကို ထိန်းမထားနိုင်ဘဲ ပြည်တည်နာဟာ သွေးပုပ်တွေလိုယိုစီး၊ တောင်ကျရေစီးတွေ ပြင်းထန်လွန်းပြီပေါ့ ။

“ကျွဲနံရွာ” ဆိုတဲ့ရွာနားရောက်တော့ ကမ်းလုံးပြည့်နီးပါး ဖွေးဖွေးလှုပ်နေတဲ့မြစ်ပြင်ကျယ် ကြီးရဲ့အလယ်မှာ သဲသောင်ခုံထိပ်ပိုင်းချွန်ကြီး ထိုးထွက်နေတာကို ဓါတ်ပုံရိုက်လိုက်တယ်။
“ ရှော်တယ်ဆရာ- ဒါက ဘာကြီးလဲဗျ ” လှေဦးမှာ အတူစီးလာတဲ့ရှော်တယ်ဆရာကိုမေးမိတယ်။

“ သြော် – ဒါက မျောစာပုံကြီးလေဗျာ။ ရေနည်းသွားချိန်တွေမှာ ရွှေမှော်တွေဖြစ်ပြီး ပြွတ်သိပ်နေအောင် ရွှေကျင်ကြတာကိုးဗျ။ ဆောင်းနဲ့နွေတုန်းက ရွှေကျင်ပြီးပုံထားခဲ့ကြတဲ့မျောစာ ပုံကြီးက မြစ်လယ်မှာ အခုလို သဲတောင်ကြီးဖြစ်နေခဲ့တာ ” တဲ့။

ချင်းတွင်း မြစ်အတွင်း ရွှေကျင်မှုကြောင့် ဖြစ်ပေါ်လာသည့် မျောစာပုံ = ဓာတ်ပုံ – ကျော်သူစိုး

ရေကြီးချိန်မှာတောင် မြစ်ရေမျက်နှာပြင်အထက်ထိပေါ်ထွက်နေတဲ့ မျောစာပုံထိပ်ပိုင်းကြီး ကိုကြည့်ပြီး ဆောင်းနှင့်နွေရာသီတွေမှာ အစုအပြုံလိုက်ရွှေကျင်ခံခဲ့ရတဲ့ ချင်းတွင်းရဲ့ဝေဒနာကို တွေးမြင်ကြည့်မိပါတယ်။ ဒါကြောင့် တစ်ချိန်ကချင်းတွင်းရေကြည်ဟာ အခုတော့ ရေကြည်ရမယ့် ရာသီမှာတောင် နောက်ကျိချွဲပျစ်တဲ့ ရေတွေသာစီးဆင်းကြတော့တယ်။ ပြဒါးကြောင့် ဆိုက်ယာ နိုက်အဆိပ်သင့်ခံရတော့မလား။

ချင်းတွင်းရဲ့အလှ၊ ချင်းတွင်းရဲ့ဘဝတွေကို ငေးမောတွေးတောရင်းစီးလာလိုက်တာ မွန်းလွဲ (၂း၃ဝ)လောက်မှာ ချင်းတွင်းမြစ်ရဲ့ လက်ယာဘက် အရှေ့ဘက်ကမ်းမှာရှိတဲ့ မစိန်ရွာဆိပ်ကမ်းမှာ ထမင်းစားဖို့ ခဏကပ်နားပေးတယ်။ ကလေးဝဆိပ်ကမ်းကနေ (၁၇)မိုင်ကွာဝေးလာပြီ။ လယ်ပုဇွန်လုံးအခွံခွါလေးတွေနဲ့ ရောပြွန်းချက်ထားတဲ့မျှစ်စူးထိုးဟင်းက ပင်စိမ်းနံ့လေးသင်း လို့။ ပူပူလောလော။ ငါးပိကိုငရုပ်သီးစိမ်းနှင့်ထောင်းပြီးရှောက်ဝမ်းသီးရည်ညှစ်ဆမ်းထားတဲ့ ငါးပိ ထောင်းတစ်ခွက်။ ပြီးတော့ ခရမ်းသီးဆီပြန်ချက်ဟင်းတစ်ခွက်။ ကန်စွန်းရွက်အစိမ်းကြော် တစ်ခွက်။ ဒေသဟင်းလျာလေးတွေနဲ့ မစိန်ဆိပ်ကမ်းမှာ ထမင်းစားလို့မြိန်ပါရဲ့။ အဝစားကတော့ (၁၅ဝဝ)ပါ။ ဥုးဇင်းတစ်ပါးလည်း ထမင်းဆိုင်ထဲဝင်နားပေမယ့် မွန်းလွဲပြီမို့ ဆွမ်းဘုန်းပေးလို့ မရ တော့ပါ။ ဥုးဇင်းကို ဖျော်ရည်နှင့်ရေသန့်တစ်ဗူးဝယ်ကပ်လှူပြီး နှစ်ယောက်သားကုသိုလ်ယူခဲ့ ပါသေးတယ်။ နာရီဝက်လောက် စားသောက်အနားယူပြီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။

မစိန်ဆိပ်ကမ်းနှင့်မျက်နှာချင်းဆိုင်မှာ ဝဲကြီးတစ်ခုရှိပါတယ်။ မစိန်ဝဲဒေါင့်လို့ ခေါ်ကြပါသတဲ့။ ချင်းတွင်းမြစ်တွင်းကိုထိုးထွက်နေတဲ့ အငူစွန်းကြောင့် ဝဲကြီးဖြစ်နေပါတယ်။မစိန်ဝဲဒေါင့်အငူပေါ်မှာ စေတီလေးတစ်ဆူ တည်ထားပါတယ်။ မစိန်စံပြကျေးရွာရဲ့အနောက်ဘက်တောင်ရိုးလေးပေါ်က ထုံးသင်္ကန်းဖြူဖြူဖွေးနေတဲ့ နှစ်ကျိပ်ရှစ်ဆူစေတီတွေက အစီအရီနဲ့ သပ္ပါယ်ကြည်ညိုစရာ ကောင်းလှပါတယ်။ စိမ်းညို့ညို့တောင်ရိုးပေါ်က နှစ်ကျိပ်ရှစ်ဆူစေတီဖြူဖြူလေးတွေရယ်၊ ရေပြင်မှာထင်ဟပ်နေတဲ့စေတီရိပ်လေးတွေရယ်၊ တံငါလှေလေးတွေ ဖြတ်သန်းလှော်ခတ်နေတဲ့ မြင်ကွင်းတွေရယ်ပေါင်းစပ်ပြီး ဟန်ချက်ညီနေတဲ့မစိန်ရွာရဲ့နှစ်ကျိပ်ရှစ်ဆူအလှကို ကင်မရာနဲ့ ဖျပ်ခနဲ ……။

တစ်ချို့နေရာတွေမှာ ဝါးဖောင်ဖွဲ့ပြီး ဖောင်ပေါ်မှာတဲအိမ်ဆောင်နေကြတဲ့ ရေပေါ်အိမ်အစု လေးတွေကို တွေ့မြင်ရတယ်။ ရေမြင့်ရင်အနေမြင့်၊ ရေကျရင် အနေကျ၊ ငါးချလို့ဝမ်းစာရှာပြီး မြစ်ရေကြောမှာ အလိုက်သင့်ရှင်သန်နေကြတဲ့ တံငါသည်တွေရဲ့ဘဝ…။ ရေပြင်ပေါ်ကျနေတဲ့ စိမ်းညိုညို့တောင်ထွတ် တစ်ခုရဲ့အရိပ်အောက်မှာ ကျောက်ချထားတဲ့ ဝါးဖောင်ပေါ်တဲအိမ်လေးထဲ ကနေ မီးခိုးလေးတွေတအူအူလွင့်ထွက်နေတဲ့မြင်ကွင်းလေးကိုလည်း အမိအရ ဓါတ်ပုံရိုက် လိုက်သေးရဲ့။

မစိန်ကနေ နောက်ထပ်(၈)မိုင်ခရီးဆန်တက်လိုက်တော့ ရွာသာရွာကိုရောက်တယ်။ ရွာသာရွာဟာ ချင်းတွင်းမြစ်ရဲ့ လက်ယာဘက် အရှေ့ဘက်ကမ်းမှာရှိတယ်။ ရွာသာရွာဆိပ် ကမ်းမှာ ပီနံအိတ်တွေနှင့်ထည့်ထားတဲ့ မီးသွေးအိတ်တွေကို ဟိုတစ်ပုံဒီတစ်စုထပ်ဆင့်စီထားကြ တာကို ရှော်တယ်ပေါ်မှ လှမ်းမြင်နေရတယ်။ သဘောၤကြီးတွေက အဲဒီရွာသာရွာမီးသွေးကို အိတ်ပြည့်တယ်၊ မီးသွေးသားလည်းကောင်းတယ်ဆိုပြီး ပိုကြိုက်လို့ ဝယ်တင်သွားတတ်ကြတယ်။ အဲဒီအချိန်တုန်းက ရွာသာမှာဝယ်ရင် မီးသွေးတစ်အိတ်ကို ၁၂ဝဝကျပ်၊ ၁၃ဝဝကျပ်ဈေးရ တယ်။ ကလေးဝရောက်ရင် တစ်အိတ်ကို၁၅ဝဝကျပ်ဖြစ်သွားပြီး ကျွန်တော်တို့ ကလေးမြို့ကို ရောက်ရင်တော့ တစ်အိတ်ကို ၃ဝဝဝကျပ် ဖြစ်သွားတော့တာပေါ့။ ချင်းတွင်းအထက် မြစ်ကြောင်း တလျှောက်မှာဒီလို တစ်ပိုင်တစ်နိုင်မီးသွေးဖုတ်ကြပြီး ကမ်းတင်ရောင်းနေကြတာပါပဲ။

ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့်မော်လိုက်မြို့နယ်(၃)မြို့နယ်ဆုံတဲ့ “မော်ကူးကြိုးဝိုင်း” မှာ ကျောက်မီးသွေးတွေဟာ မြေမျက်နှာပြင်ပေါ်တက်လာတာများနေပြီလို့ တောအုပ်ကြီး တစ်ယောက်က အဲဒီတုန်းက ပြောခဲ့ဖူးပါတယ်။ ဒီလိုမျက်နှာပြင်ပေါ်ထွက်လာတဲ့ ကျောက်မီးသွေး တွေကို သက်ဆိုင်ရာက အချိန်မီစနစ်တကျမတူးဖော်ကြဘူးဆိုရင် နွေရာသီမှာ တောမီးပိုမို လောင်ကျွမ်းနိုင်ပြီး သစ်တောပြုန်းတီးမှုအန္တရာယ် ရှိနိုင်တယ်လို့လည်းပြောတယ်။

အချို့နေရာ တွေမှာ ကျောက်မီးသွေးတွေဟာ မြေအောက်မှာ လှိုက်လောင်နေတတ်တယ်တဲ့။ ဒါကြောင့် ဒေသခံရွာသူရွာသားတွေ တောထဲသွားလို့ မီးသွေးလောင်တဲ့အနံ့ရရင် လေလာရာအရပ်ကို မြေမှုန့်ချစမ်းသပ်လို့ပဲဖြစ်ဖြစ်၊ ဆေးလိပ်မီးခိုးကို မှုတ်ထုတ်ကြည့်ပြီးပဲဖြစ်ဖြစ်စပ်းသပ်ပြီး လေလာ ရာအရပ်ဘက်ကို မသွားရဲကြတော့ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ မြေအောက်မှာ အတွင်းလှိုက် လောင်နေပြီး အပေါ်ယံမြေလွှာပါးပါးပေါ် တက်နင်းမိလို့ ကျွံကျသွားလို့ကတော့ အရှင်လတ်လတ် မီးဖုတ်ခံလိုက်ရသလိုဖြစ်သွားမှာစိုးလို့ပါတဲ့။

အဲဒီလို ချင်းတွင်းအထက်ပိုင်းဒေသတွေရဲ့ ဘဝ အမောတွေကိုလည်း တွေ့ရ၊ မြင်ရ၊ ကြားရတယ်။ ရွာသာရွာကနေ နောက်ထပ်(၈)မိုင်ခရီးမှာ “မန်ဖာကြီးရွာ”။ “မန်ဖာကြီး”ကနေ (၃)မိုင်အကွာကို ဆန်တက်လိုက်ချိန်မှာတော့ မြစ်ကမ်းပါးပြိုထားလို့ ကျန်တော့တဲ့ရွာတစ်ခြမ်းသာ ကမ်းပါးစွန်းပေါ်မေးတင်နေတဲ့ “ကြာအင်းရွာ”ကြီးကို အသည်းထိတ် စရာ လှမ်းမြင်ရပါတယ်။ ကြာအင်းရွာကြီးက အိမ်ခြေ(၃ဝဝ)ကျော်လောက်ရှိတဲ့ရွာကြီးတစ်ရွာပါပဲ။

ကမ်းပါးထိပ်ဖျားမှာ အိမ်ပေါ်တက်တဲ့လှေခါးဖြစ်နေတဲ့အိမ်၊ မြေအောက်ခြံစည်းရိုးတိုင်ခြေတွေ တောင် ပေါ်နေတဲ့အိမ်တွေ၊ ခြံစည်းရိုးနှင့်ကမ်းပါးကြား တစ်ဝက်တည်းသာကျန်တော့တဲ့လမ်းမပေါ် ဟိုဒီဖြတ်သွားနေကြတဲ့ရွာသူရွာသားတွေ လှုပ်ရှားသက်ဝင်နေတဲ့ကြာအင်းရွာကြီးကိုလည်း ရှော် တယ်ပေါ်ကနေ လှမ်းမြင်ခဲ့ရပါတယ်။ ရှော်တယ်အတူစီးလာတဲ့ အဒေါ်ကြီးတစ်ယောက်က “ရွာကမ်းပါးပြိုရင် ရှေးခေတ်ကမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေ ပေါ်တတ်တယ်”တဲ့။

ကြာအင်းရွာကိုဖြတ်ကျော်သွားပြီး ညနေ(၄း၃ဝ)လောက်မှ မော်လိုက်မြို့ဆိပ်ကမ်းကိုဆိုက် ပါတော့တယ်။
“ဆိပ်ကမ်းအလှ၊ မော်လိုက်က”လို့ ပြောစမှတ်ပြုရတဲ့အတိုင်း အဝေးကလှမ်းမြင်ရရုံနဲ့ သေသပ်ခိုင်ခံ့လှ တဲ့ကျောက်စီနံရံကြီးရယ်၊ ကျောက်လှေခါးကြီးတွေရယ်က ခရီးဦးကြိုပြုလို့ပါပဲ။ ဆိပ်ကမ်းကို ရှော်တယ်ဆိုက်ကပ်လို့ ကျောက်လှေခါးကြီးတွေပေါ်ခြေချလိုက်တယ်ဆိုရင်ပဲ ဦးမြင့်သိန်းနှင့်သမီးလေး “အိုင်း”တို့လာကြိုကြတယ်။ ဦးမြင့်သိန်းဆိုတာ မော်လိုက်မြို့ရဲ့နာမည်ရ ဓါတ်ပုံ၊ ဗီဒီယိုနှင့်ပန်းချီဆရာပါ။ ဆရာအောင်မူးနှင့် ပန်းချီဆရာချင်း သိကျွမ်းရင်းနှီးကြတဲ့မိတ်ဆွေ တွေပါ။

ဦးမြင့်သိန်းတို့မိသားစုက အနုပညာလုပ်ငန်းနှင့်ရပ်တည်ကြတယ်။ ဦးမြင့်သိန်းကိုယ်တိုင်က ပန်းချီဆွဲတယ်။ ဓါတ်ပုံရိုက်တယ်။ သမီးကြီးကလည်း အဖေ့လက်ရာမီတယ်။ ဓါတ်ပုံကောင်းတွေ ရိုက်နိုင်တယ်။ ဒုတိယသားကြီးစည်သူက မန္တလေးပန်းချီကျောင်းဆင်းဖြစ်သလို ကွန်ပျူတာနှင့် ဗီဒီယိုတည်းဖြတ်ကောင်းတယ်။ စည်သူရဲ့အောက် ညီမဖြစ်သူနှင့်သူ့အမျိုးသားက အလှပြုပြင် ရေးကို အိမ်မှာပဲဆိုင်ဖွင့်လို့ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း အနုပညာနဲ့အသက်မွေးကြတာ အားကျစရာကောင်းပါတယ်။ သူတို့မိသားစု ဧည့်ဝတ်ကျေပုံကလည်း ဧည့်သည်ကအားနာရတယ်။ သူတို့ကပျူငှာလှပေမယ့် ကျွန်တော်နှင့်ဆရာအောင်မူးက သူတို့ကိုအားနာကြလို့ တည်းခိုခန်းမှာပဲ တည်းဖြစ်ကြတယ်။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့စဉ် ၁၉၁၆-ခုနှစ်မှာ မော်လိုက်မြို့ကို စတင်တည် ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

“မော်လိုက်အစ၊ ကင်းတပ်က” လို့ အဆိုရှိပါတယ်။ “မော်လိုက်”ဆိုတာ ရှေးယခင် ရှမ်းလူမျိုးတွေ နေထိုင်ခဲ့တဲ့အရပ်ဖြစ်ပြီး ရှမ်းစကား “မွန်လိ”ကနေ ဆင်းသက်လာတယ်လို့သိရပါတယ်။ ရှမ်းစကားအရ “မွန်”ဆိုတာက“ရွှေ”၊ “လိ”ဆိုတာက“သံ”တဲ့။ ဒီတော့ မော်လိုက်ဆိုတာ ရွှေနှင့်သံတွေ ထွက်ရှိတဲ့နေရာလို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ရှမ်းစကား“မွန်လိ”ကနေ အချိန်တွေကြာလာတဲ့အခါ “မော်လိုက်”လို့ ခေါ်တွင် လာခဲ့ကြပါတယ်လို့ ဆိုကြပါတယ်။

အင်္ဂလိပ်တွေဟာ မော်လိုက်မြို့ကို အပန်းဖြေ မြို့တော်အဖြစ် စိတ်ကူးပုံဖော်ခဲ့ကြပါတယ်။ အင်္ဂလိပ်တွေရဲ့ဓလေ့အရ ဂေါက်ရိုက်မယ်၊ အမဲလိုက်မယ်ပေါ့။ အနောက်ဘက်မှာ တောင်တန်း ကြီးရှိတယ်။ အရှေ့ဘက်မှာ ချင်းတွင်းမြစ်ကြီးရှိတယ်။ ရေကြောင်းဆက်သွယ်ရေးကောင်းပြီး ဘေးကင်းလုံခြုံတဲ့ အပန်းဖြေမြို့တော်အဖြစ် ဖန်တီးခဲ့ကြတဲ့မြို့တော်လေးပါ။ အင်္ဂလိပ်တွေဟာ အဆောက်အဦတွေဆောက်ကတည်းက ကုန်းမြင့်လေးတွေဆိုရင် ဖြိုမပစ်ဘဲ အဲဒီကုန်းမြင့်လေး တွေပေါ်မှာ အဆောက်အဦလေးတွေဆောက်တယ်။ သစ်ပင်တွေရှိရင် ခုတ်မပစ်ဘဲ သဘာဝ အတိုင်းချန်ထားတယ်။ လမ်းဖောက်ရင်လဲ တောင်ကမူလေးတွေကို ကွေ့ကာဝှိုတ်ကာ သဘာဝ အတိုင်း ဖောက်လုပ်ထားခဲ့ကြတယ်။ ဂေါက်ကွင်းလမ်းဘေးမှာ အင်္ဂလိပ်တွေစိုက်ခဲ့တဲ့သရက်ပင်တန်းလေးဟာ အရွယ်တူလေး တွေဖြစ်နေတာ သိပ်အံ့သြဖို့ကောင်းပါတယ်။ နောက်မှမေးကြည့်တော့ သရက်ပင်တွေကို စစိုက် ကတည်းက အောက်မှာကျောက်ပြားလေးတွေခံပြီးစိုက်ခဲ့ကြလို့ အခုလို အရွယ်အမြင့်တူရှိနေကြ တာလို့ဦးမြင့်သိန်းက ရှင်းပြပေးပါတယ်။

မော်လိုက်မြို့ရဲ့ ထင်ရှားတဲ့ ကြီး(၃)ကြီးကတော့ ရုံးကြီး(၁၉၁၆)၊ ကျောင်းကြီး(၁၉၂၄) နှင့်ညောင်ပင်ကြီးတို့ပါပဲ။ ညောင်ပင်ကြီးကတော့ ခုတ်လဲပစ်လိုက်ကြလို့ မရှိတော့ပါဘူးတဲ့။ ကျန်တဲ့ ရုံးကြီးနှင့်ကျောင်းကြီးကတော့ အထင်အရှားရှိနေကြပါသေးတယ်။ ပြီးတော့ မော်လိုက်မြို့ဟာ လွမ်းမောဂုဏ်ယူဖွယ်ရာ မြန်မာ့အနုပညာနောက်ခံသမိုင်း လေးတွေ ထင်ကျန်ရစ်နေတဲ့မြို့လေးပါ။
ဘာကြောင့်လဲဆိုတော့ ဟောဒီ မော်လိုက်မြို့လေးမှာ စွယ်စုံရမင်းသားကြီး ဇော်ဝမ်း၊ လင်းထင်၊ ဆွေင်ဇင်ထိုက်နှင့်ရွေးရွေး(မော်လိုက်သူ)တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ “စေလိုရာစေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာရှုမဝဦးကျော်က ရိုက်ကူးခဲ့ဖူးသလို အဆိုတော် ခင်မောင်တိုး ရဲ့ဇာတိမြေလည်း ဖြစ်နေလို့ပါပဲ။

ပြီးတော့ဘိုဘိုဟန်ရဲ့အဘိုး အရေးပိုင်မင်းကြီးနေခဲ့တဲ့အိမ် ၊ ခင်မောင်တိုးတို့မိသားစုနေခဲ့တဲ့အိမ်တွေ တောင်ရှိနေပါသေးလို့ သိရပါတယ်။ အခုထိ အင်္ဂလိပ် လက်ထက်က အဆောက်အဦတော်တော်များများ မော်လိုက်မြို့ မှာရှိနေပါသေးတယ်။ မော်လိုက်မြို့လေးထဲကို ဆိုင်ကယ်တွေနဲ့လှည့်ပတ်ကြည့်ကြရင်း ဦးမြင့်သိန်းက – “ ဒါ စေလိုရာစေရိုက်ခဲ့တဲ့အိမ်လေ။ ဇာတ်ဝင်ခန်းတစ်ခုမှာ ဇော်ဝမ်းကြီး ထင်းပေါက်ရမယ့် အခန်းကျတော့ ချွေးသီးချွေးပေါက်ကျအောင်ထင်းပေါက်ရတဲ့သရုပ်ကို ပီပြင်အောင် ဒါရိုက်တာကြီး က မင်းသားကို ချွေးထွက်တဲ့အထိ အိမ်ကိုပတ်ပြေးခိုင်းပြီးမှ ရိုက်ခဲ့တာတဲ့ဗျ” ဆိုပြီး ရှင်းပြပါ တယ်။

ကုန်းကမူလေးပေါ်မှာ အရိပ်ရသစ်ပင်တွေရဲ့အလယ်က စေလိုရာစေရိုက်ခဲ့တယ်ဆိုတဲ့ အိမ်လေးကို မြက်ပါးပါးနဲ့မြေသားလမ်းကလေးပါ ပါအောင် အမှတ်တရဓါတ်ပုံလေးရိုက်လိုက် မိတယ်။ ဦးမြင့်သိန်းက မြို့ထဲကို လှည့်ပတ်ပြပေးရုံမက သူ့အိမ်ရောက်တော့လည်း သူစီစဉ် ရိုက်ကူးထားတဲ့ မော်လိုက်မြို့အလှရှုခင်းတွေကို ဗီစီဒီထိုးပြပါတယ်။

“… နှင်းရည်စိုလူး … ရာသီဦးဝယ်…ပွင့်လွှာဖြူဖွေး မာလာလေးရယ် … မြေမှာမပွ …ပင်ယံဖျားမှာ ကြွားကြွားဝင့်ဝင့်ထည် .. သဇင်ညှာလေး ရင်မှာထွေးစရာ အတွေးကဖြင့်ကြွယ် …ပန်းမင်းသဇင်ညှာနွယ် …. နန်းစာရင်းဝင်ကာရယ် လှမ်းဆွတ်ဖို့ မမှီဘူးကွယ် ……။ သဇင်ပန်းကိုဖြင့် ဆင်မြန်းဖို့ စိတ်ကူးသူမယ် ….. အခွင့်အရေးတကယ်ဝေး …မျှော်ငေးနေတယ် ….တစ်ပါးသူသာ ပန်ပါစေတော့ရယ်လို့ …… ကိုယ့်အင်အားနဲ့ ရင်းနှီးပေးရတယ်ကွယ် ….ကိုယ့်မှာတော့လေ… သာမာန်လူသားပေမို့ ….ချို့ချို့ငဲ့ငဲ့နဲ့ရယ် လူ့ဘဝလမ်း စမ်းပြီးလျှောက်နေတယ်… ”

“နှင်းရည်စိုလူး”ဇာတ်ဝင်တေးရဲ့ အိမ်ကလေးကို ဆောင်းမနက်ရဲ့ နှင်းမှုန်ထူထူဝေနေတဲ့ မြင်ကွင်းလေးတွေ၊ ဂေါက်ကွင်းရဲ့သန့်ရှင်းတဲ့အလှ၊ အရွယ်ညီညာတဲ့ သရက်ပင်တွေခြံရံထားတဲ့ ကျောက်စရစ်လမ်းကလေးတွေနဲ့ မော်လိုက်မြို့ရဲ့သဘာဝအလှလေးတွေကို တစ်ကွက်ချင်း လှစ်ဟပြတယ်။ စွယ်စုံရမင်းသားကြီးဇော်ဝမ်းသီဆိုထားတဲ့ “နှင်းရည်စိုလူး”၊ “စေလိုရာစေ” စတဲ့ နောက်ခံသီချင်းလေးတွေသုံးပြီး အတတ်ပညာနဲ့အနုပညာကိုပေါင်းစပ်ပုံဖော် ထားတဲ့မှတ်တမ်းက သိပ်ကြည်နူးစရာ ကောင်းလှပါတယ်။

နောက်တစ်နေ့မနက်မှာတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ပဲ့ချိတ်လေးတစ်စင်းကိုညှိနှိုင်း ဝယ်ယူပြီး ဦးမြင့်သိန်း၊ ဆရာအောင်မူး၊ ပဲ့ချိတ်ရောင်းသူ နှင့်စာရေးသူတို့ မော်လိုက်မြို့တစ်ဖက် ကမ်းက ရေမိုင်(၈)မိုင်ဝေးတဲ့ လောင်းကောင်းရွာကလေးဆီ ပဲ့ချိတ်လှူဖို့ ဆန်တက်မောင်းနှင် ခဲ့ကြပါတယ်။ နာရီဝက်လောက် ဆန်တက်မောင်းနှင်လိုက်တော့ မော်လိုက်တစ်ဖက်ကမ်းက လှမ်းမြင် နေရတဲ့ လောင်းကောင်းရွာကလေးကို ဆိုက်ကပ်ခဲ့ကြပါတယ်။ အိမ်ခြေ(၁ဝဝ)လောက်သာရှိတဲ့ လောင်းကောင်းရွာကလေးကို ကမ်းပါးဖြိုစားထားလို့ ရွာတစ်ဝက်လောက်ပဲကျန်ပါတော့တယ်။ အိမ်မြေတွေ ကမ်းပါးပြိုတဲ့အထဲပါသွားတဲ့သူတွေက အရှေ့တောင်ခြေတစ်ဝိုက်မှာတိုးချဲ့ ရွေ့ ပြောင်းနေထိုင်ကြရတယ်။ ဒေါ်အဲချောတို့အိမ်လေးလည်း ကမ်းပါးပြိုတဲ့အထဲပါသွားလို့ အခုအရှေ့တောင်ခြေလေးကို ရွေ့ပြောင်း နေကြရတယ်။

ပဲ့ချိတ်ကလေး ကမ်းမှာကပ်လို့ မြစ်ကမ်းပါးပေါ်တက်တက်ပြီးချင်း ဆရာအောင်မူးက “ ဗျို့ မကြီးချောရေ ..ခိုင်ခိုင်ဝေရေ …..စန္ဒာလင်းရေ ”ဆိုပြီး ရောက်မဆိုက်ပဲ ဝမ်းသာအားရ ခေါ်ပြီး နှုတ်ဆက်တော့တာပါပဲ။ ဒေါ်အဲချောကလည်း အိမ်ဝင်းအသစ်လေးထဲမှာ ပေါင်းထိုးနေရင်းကပြန်အော်ထူးပြီး လာကြိုနှုတ်ဆက်တယ်။ ရွာလူကြီး တစ်ချို့နှင့် ဒေါ်အဲချောတို့ ဆွေမျိုးတစ်စုပါ ရောက်လာကြပြီး ကြိုဆိုနှုတ်ဆက်ကြလို့ စုစုရုံးရုံး ပြုံးပြုံးပျော်ပျော်။ ကျွန်တော်တို့ကလည်း သူတို့ ရုတ်တရက် ဝမ်းသာသွားစေချင်လို့ ပဲ့ချိတ်လာလှူမယ့်အကြောင်းကိုကြိုပြောမထားဘူး။

ကမ်းစပ်ကနေ လမ်းကြားလေးအတိုင်း အရှေ့တောင်ခြေကို လျှောက်လိုက်ကြတယ်ဆိုရင်ပဲ တောင်ခြေတောင် စောင်းလေးမှာ မှီကပ်ဆောက်ထားတဲ့ ဒေါ်အဲချောတို့ အိမ်လေးကို ရောက်သွားပါတယ်။ အိမ်ပေါ်ကနေ ဒေါ်အဲချောရဲ့အမျိုးသားဦးမြင့်လင်းကလည်း ဝမ်းသာအားရဖိတ်ခေါ်ကြို ဆိုပါတယ်။ အမောပြေပီတိဖြစ်စရာအကောင်းဆုံးကတော့ မျက်စိမြင်သွားကြပေမယ့် ကြည့်လိုက် ရင် ခပ်စွေစောင်းစောင်းလေးတွေဖြစ်နေသေးတဲ့(၁၂)နှစ်အရွယ်မစန္ဒာလင်း၊ (၈)နှစ်အရွယ် မဝေ ဝေကျော်၊ (၇)နှစ် အရွယ်မခိုင်ခိုင်ဝေနှင့် (၈)လသားအရွယ် မောင်စိုးလင်းထွန်းတို့က ခြံပေါက်ဝ မှာတစ်ယောက်၊ လှေခါးခုံပေါ်မှာ တစ်ယောက်၊ အငယ်ဆုံးကောင်လေးက လှေခါးထစ်တွေပေါ် ကနေ ကြည့်ပြီး ကြိုနေကြတာပါပဲ။ ဆရာအောင်မူးက “ဝေဝေကျော်ရေ..”လို့ ကျီစယ်ခေါ်လိုက်တိုင်း မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ပြုံးပြီး “ရှင် …..”လို့ ဆွဲဆွဲငင်ငင်ပြန်ထူးသံလေးတွေက ကြည်နူးစရာပါ။

အလှူရှင် ဦးတင်ယုကိုယ်စား ကျော်သူစိုး (စာရေးသူ)မှ လှူဒါန်းနေပုံ

အိမ်ပေါ်ရောက်လို့ ဝိုင်းဖွဲ့ထိုင်လိုက်ကြပေမယ့် လာရင်းအကြောင်းကိုမပြောသေးဘူး။ မိသားစုတွေအားလုံးစုံသွားမှ မူဆယ်မြို့က အလှူရှင်ဦးတင်ယုက ငွေထပ်လှူတဲ့အကြောင်း၊ ငွေသားသက်သက်လှူတာထက် သုံးရာသီစလုံးမှာ အလုပ်အကိုင်အတွက်အထောက်အပံ့ဖြစ်ပြီး အသုံးဝင်မယ့် ပဲ့ချိတ်တစ်စီးဝယ်ပြီး လာလှူတဲ့အကြောင်းကိုလည်းပြောလိုက်တော့ သူတို့မိသားစု တင်မက ဘေးနားကလိုက်လာပြီးနားထောင်နေကြတဲ့ ဆွေမျိုးတွေနဲ့ရွာသူ၊ရွာသားတွေပါ အံ့သြဝမ်းသာဖြစ်ကုန်ကြတယ်။

သူတို့မိသားစုလေးရဲ့ အပြုံးရည်ရွှမ်းသွားတဲ့မျက်နှာ၊ လင်းလက် သွားတဲ့မျက်ဝန်းတွေကို မြင်ရတဲ့အခိုက်အတန့်မှာ ခရီးကြမ်းပမ်းခဲ့သမျှ လွင့်ပြယ်ပျောက်သွား တော့တာပါပဲ။ “ကျွန်မတို့လည်း ပဲ့ချိတ်လေးတစ်စီးလောက် အရမ်းရချင်နေတာနဲ့အတော်ပဲရှင်။ ဝမ်းလည်း သာတယ်၊ ကျေးဇူးလည်းတင်ပါတယ်ရှင်။ အလှူရှင်ဦးတင်ယုကိုလည်း ကျေးဇူးကြီးမားလှကြောင်း ပြောပေးပါဦးရှင်” တဲ့။

အလှူရှင် ဦးတင်ယုကိုယ်စား ဆရာအောင်မူး (ပန်းချီ) မှ အလှူငွေ လှူဒါန်း (ဓာတ်ပုံ = ကျော်သူစိုး )

အလှူရှင်ဦးတင်ယုက စေတနာသုံးတန်ပြည့်ဝပြတ်သားသူ။ အခုလို ပဲ့ချိတ်လေးလှူပေး တဲ့အထိ ကျွန်တော် လူချင်းမမြင်ဖူးချေ။(နောက်ပိုင်း ကျွန်တော် မူဆယ်ဘက်သို့ တစ်ခေါက် ရောက်စဉ်ဝယ် ဦးတင်ယုနဲ့ လူချင်းဆုံဖြစ်ခဲ့ပါတယ်။ အလှူမှတ်တမ်းတွေကို စာအုပ်လေးပြုစုပြီး သူ့လက်ထဲထည့်ပေးခဲ့ပါတယ်။) သူကလည်း ဖုန်းဆက်ပြောဆိုပြီးသာ အလှူငွေကို လွှဲပေးသည်။ ကျွန်တော်တို့ကလည်း အလှူရှင်ယုံကြည်မှုရှိတဲ့အတိုင်း ကိုယ်ထိလက်ရောက်လာလှူပေးပြီး ကုသိုလ်ယူတယ်။ ပြီးရင် လှူပြီးကြောင်းဖုန်းဆက်လိုက်တယ်။ အင်မတန် ရိုးရှင်းမွန်မြတ်တဲ့ အလှူ အကျိုးဆောင်မှုပါပဲ။

အလှူရှင် ဦးတင်ယုကိုယ်စား ဆရာအောင်မူး (ပန်းချီ) မှ အလှူငွေ လှူဒါန်း (ဓာတ်ပုံ = ကျော်သူစိုး )

ကလေးတွေရဲ့အဖေဖြစ်သူက မီးသွေးဖုတ်တယ်။ အမေလုပ်သူက ထင်းခုတ်ပြီး မော် လိုက်မြို့ကို ထင်းသွားရောင်းလို့ ရတဲ့ဝင်ငွေလေးတွေနှင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြ ရတာပါ။ အခုတော့ ထင်းသွားရောင်းရင် သူများလှေကို ပိုက်ဆံပေးငှား စရာမလိုတော့ဘူးပေါ့။ မိသားစုဝင်ငွေ ပိုတိုးလာမှာပေါ့။ ပြီးတော့ လောင်းကောင်းရွာကလေးမှာ ဖျားရေးနာ ရေးကြုံလို့ သွားစရာလာစရာရှိရင် ကူညီပို့ပေးနိုင်တော့ ဆင့်ပွားကုသိုလ် ဖြစ်တာပေါ့။

ကျေးရွာအုပ်ချုပ်ရေး လူကြီးတွေပါခေါ်ပြီး စက္ခုအလင်းပြန်လည်ရရှိသွားကြတဲ့မောင်နှလေးတွေရဲ့ မိသားစုကို ပဲ့ချိတ် အလှူစာချုပ်ရေး၊ လက်မှတ်ထိုးကြပြီး ခိုင်ခိုင်မာမာလှူဒါန်းခဲ့ကြပါတယ်။ သူတို့မိသားစုလေးက ကျေးဇူးတင်လွန်းလို့ ရှိထမင်းရှိဟင်းလေးနဲ့အတင်းကျွေးပြီး ဧည့်ဝတ်ပြုကြရှာပါတယ်။ အိမ်ရှေ့လေးမှာ သူတို့မိသားစုနဲ့အမှတ်တရစုပေါင်းဓါတ်ပုံတွေရိုက်ကြတယ်။ မြစ်ဆိပ်ကိုဆင်းပြီး သူတို့ မိသားစုနှင့်ပဲ့ချိတ်လေး ကိုတွဲပြီး အမှတ်တရဓါတ်ပုံလေးတွေရိုက်ပြီးတဲ့ အခါမှာတော့ နေဝင်လို့ အချိန်လင့်သွားပြီမို့ အားလုံးကိုလက်ပြနှုတ်ဆက်ကာ လောင်းကောင်းရွာ ကလေးမှ ပြန်ထွက်ခွါခဲ့ကြပါတယ်။

ဦးမြင့်လင်းကပဲ လှူဒါန်းပေးတဲ့ပဲ့ချိတ်လေးနဲ့ မော်လိုက် ဆိပ်ကမ်းအရောက်ပြန်ပို့ပေးတယ်။ ရှော်လဗန်လို့ခေါ်ကြတဲ့ ပဲ့ချိတ်လေးပေါ်မှလှည်ပြန်ကြည့်ရင်း ကမ်းပါးထိပ်ပေါ်ကနေလက်ပြနှုတ်ဆက်ကျန်နေရစ်တဲ့ပုံရိပ်တွေ၊ ရွာဦးဘုန်းကြီးကျောင်းကုန်း ထိပ်က ထုံးဖြူဖြူဖွေးနေတဲ့စေတီနဲ့ လောင်းကောင်းရွာလေးရဲ့ပုံရိပ်တွေဟာ တဖြည်းဖြည်းမှုန်ဝါး ကာ ဝေး၍ဝေး၍ ကျန်နေရစ်ခဲ့ပါတော့တယ်။ ၁၃.၁ဝ.၂ဝ၁၁ ရက်နေ့။ မနက်(ရးဝဝ)နာရီလောက်မှာ ဦးမြင့်သိန်းက သူ့အိမ်မှာဖိတ်ခေါ်ပြီး နံနက်စာ ဧည့်ခံ ပြန်တယ်။

မော်လိုက်မြို့ရဲ့နာမည်ကြီးမုန့်ပေါင်းပူပူလေးကို ဆီစိမ်းလေးဆမ်းပြီး ဗူးသီးကြော်ပူပူ လေးနဲ့ဧည့်ခံကျွေးလို့ မြိန်မြိန်ယှက်ယှက်စားသောက်မိတယ်။ကော်ဖီပူပူနဲ့ လိုက်ဖက်လှတယ်။ ကလေးဝကိုပြန်စုန်ဖို့ အမြန်ယာဉ်စောင့်နေခဲ့ကြပေမယ့် နေ့လယ်(၁းဝဝ)နာရီအထိ အမြန်ယာဉ်က ပေါ်မလာ။ အဲဒီအချိန်မှာ ဆရာမပွင့် ရောက်လာပြီးနှုတ်ဆက်တယ်။

ဆရာမပွင့်ဆိုတာက ကလေးမြို့၊ နေသာပညာဒါနသင်တန်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ကျောင်းပြီး တဲ့အခါ ပညာဒါနသင်တန်းမှာ အတန်းထိန်းအဖြစ် တစ်နှစ်တိုင်တိုင်ပြန်လည် ကျေးဇူးပြုခဲ့ သူပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်ကာလတုန်းက မိဘတွေရှိတဲ့မော်လိုက်မြို့ကိုပြန်ပြီး ကျူရှင်ပြနေ တယ်။ အမြန်ယာဉ်မလာလို့စိတ်ညစ်နေကြတုန်း ဆရာမပွင့်က ရောက်တုန်းရောက်ခိုက်မှာ ကင်းတပ်အထိသွားပြီး စစ်အောင်စစ်ဆောင်ဘုရားဖူးဖို့ပြောလာတယ်။ ကျွန်တော်တို့ကလည်း ဖိုးသူတော်မျက်စိလည်လေ ဆန်ရလေဆိုပြီး ပြန်မယ့်အစီအစဉ်ဖျက်ကာ ချက်ချင်းပဲ စက်လှေ လေးတစ်စီးငှားလို့ ကင်းတပ်ကို ဆန်တက်လိုက်ကြပါတော့တယ်။

ကင်းတပ်ကိုသွားမယ်ဆိုတော့ ဆရာအောင်မူးရဲ့မိတ်ဟောင်းဆွေဟောင်း ကင်းတပ်ရွာ သား ဦးလေးမောင် ကလိုက်ပို့ပါတယ်။ ဆရာမပွင့်၊ ဦးမြင့်သိန်းသမီးလေး အိုင်းတို့လည်းလိုက်ပါ လာကြပြီး ကင်းတပ်ခရီးစဉ်သစ်လေးကို ရေကြောင်းခရီးဆန့်ခဲ့ကြပြန်ပါတယ်။

ကင်းတပ်ရွာ။ ……… ကင်းတပ်ရွာဆိုတာ“မော်လိုက်အစ၊ ကင်းတပ်က”လို့အဆိုရှိခဲ့တဲ့ ကင်းတပ်ရွာပဲဖြစ်ပါတယ်။
“ရတနာသိင်္ဃမြို့တည်နန်းတည် အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် မဏိပူရ ပြည်သို့ ချီတက်တော်မူရန် သက္ကရာဇ်(၁၁၂ဝ)ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း(၂)ရက်နေ့တွင် ကိုယ်တော်တိုင် နေပြည်တော်ရတနာသိင်္ဃရွှေဘိုမြို့မှ ကျောက်မြောင်းဆိပ်သို့ သက်ဆင်းတော် မူ၍ ကရဝိတ်ဖောင်တော်စီးနင်းလျက် ဧရာဝတီမြစ်ကြောင်းစုန်တော်မူပြီး မြစ်ဆုံမှတစ်ဆင့် သလ္လာဝတီချင်းတွင်းမြစ်ကြောင်း ဆန်တက်တော်မူလာရာ ယခု ကင်းတပ်ဟုခေါ်သော မော်လူးရွာ ဆိပ်ကမ်းသို့ရောက်တော်မူလျှင် ဤကျွန်းမြေအရပ်သည် ဘူမိနက်သန်မြေကြန် လက္ခဏာနှင့် ကောင်းစွာညီညွတ်သော နတ်ကျွန်းအောင်မြေဖြစ်ပေသည်ဟု တပ်တော်ချရပ် ယာယီစံနန်း တော်ဖြင့် စံမြန်းနားတော်မူ၍ အောင်မြေနင်းတော်မူပြီးမှ မြစ်၏အနောက်ဘက်ကမ်း မော်လူးရွာသို့ ကူးတော်မူခါ ချောင်းရိုးလမ်းစဉ်အတိုင်းချီတက်တော်မူခဲ့လေသည်။

ထိုသို့ချီတက်တော်မူရာတွင် တာ(၁ဝဝ)ရောက်တိုင်း လက်ဝဲလက်ျာခရီးလမ်းစဉ် တစ်လျှောက်ရှိ အဓိကရသစ်ပင်ကြီးများတွင် ဆင်တစ်ရပ်ခန့်အမြင့်၌ထွင်းဖောက်၍ ဘုရားရုပ်ပွား တော်တစ်ဆူကျ သွင်းထားကိုးကွယ် တော်မူရာ မော်လူးရွာမှတမူးမြို့အထိ ရုပ်ပွားတော်(၂၉)ဆူ၊ တမူးမြို့မှတက်စိန်စခန်းအရောက် (၄၉)ဆူ ရှိတော်မူလေသည်။

၎င်းတက်စိန်စခန်းမှချီတက်တော် မူ၍ (၁၁၂ဝ)ပြည့်နှစ်၊ ပြာသိုလ္ဆန်း(၁၄)ရက်နေ့တွင် သိမ်းယူ အောင်မြင်တော်မူပြီးလျင် နတ်ကျွန်း အောင်မြေစခန်းသို့ တပို့တွဲလဆန်း(၁)ရက်နေ့တွင် ပြန်လည်ရောက်ရှိတော်မူ၍ ကွန်းတော်စံနန်းဖြင့် တန့်နားစံတော်မူစဉ် ၎င်းစံနန်းတော်မှ အရှေ့ကိုစိန်တစ်ထောက်၊ အနောက်ကို ချင်းတွင်းမြစ် ရေလယ်ကျော၊ တောင်ကိုစိန်တစ်ထောက်၊ မြောက်ကို စိန်တစ်ထောက်အတွင်း “သာထွန်းနန်းမြေ ကင်းတပ်တော်”တွင်စေဟု နယ်လေးရပ် သတ်မှတ်တော်မူပြီးမှ ဝေနေယျသို့ မင်္ဂလာကောင်းကျိုး ပွားတိုးများစွာ သာသနာအဓွန့်ရှည်ကြာစွာတည်စိမ့်သောငှာ စံနန်းတော်ဦးကုန်းထိပ်မော်တွင် သရိယဓါတ် မွေတော်မြတ်တို့ ကျိန်းဝပ်တော်မူရန် ဓါတ်တော်စစ်ခုနှစ်ဆူနှင့် သတ္တဌာနများ ဌာပနာလျက် အနေကဇာ ဘိသိတ်တင်မြောက်တော်မူပြီးလျင် “နန်းဦးရွှေဘုံသာ”ဘွဲ့သညာဖြင့် ကဗျည်းမော်ကွန်းထိုး ကိုးကွယ်တော်မူခဲ့လေသည်။

အလောင်းမင်းတရားကြီးဦးအောင်ဇေယျ စစ်ချီတက်ရာတွင် တပ်တော်ဦးမှ အမြဲပင့်ဆောင် ၍ ပူဇော်ကိုးကွယ်တော်မူခဲ့သော ဒက္ခိဏသာခါ ရုပ်ပွားတော်နှစ်ဆူမှာ မင်းတရားကြီးစံမြန်း တော်မူသွားသော စံနန်းတော်နေရာတွင် ဆောက်လုပ်ထားသဖြင့် “မင်းကျောင်း”ဟုအမည်တွင် သော ကျောင်းတိုက်တွင် ယခုတိုင် အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်တော် မူကြလေသည် … ” ဟု ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး စာမျက်နှာနံပါတ် (၂၉၇မှ၃ဝ၅) ၊ရတနာသီခမဟာရာဇဝင် စာမျက်နှာနံပါတ်(၁၈၁မှ၁၉ဝ)အား မှီငြမ်းပြုထားတယ်ဆိုတဲ့ စစ်အောင် ဘုရားနှစ်ဆူ သမိုင်းအကျဉ်းကို လေ့လာဖတ်ရှုခဲ့ရပါတယ်။

မော်လိုက်မြို့မှကင်းတပ်ကို ရေမိုင်ခရီး(၈)မိုင်ရှိပါတယ်။ကင်းတပ်အထိ အဆန်ခရီးကို ရှော်လဗန်စီးသွားကြ တာ(၄၅)မိနစ်လောက်မောင်းရပါတယ်။ ရေတက်ချိန်ဆိုရင် ရွာခြေအရောက် ဆိုက်ကပ်လို့ရပေမယ့် အခုလို သီတင်းကျွတ်ရာသီ ရေကျချိန်မှာတော့ ရေစပ်မှာလှေကပ်ပြီး တော်တော်ကျယ်တဲ့ သဲသောင်ပြင်ပူပူကိုဖြတ် လျှောက်ကြပြီးမှ ကင်းတပ်ရွာထဲကိုဝင်ရပါတယ်။ အခုတော့ ကင်းတပ်ရွာဟာ အိမ်ခြေ(၁၅ဝ)လောက်သာရှိပြီး တောင်မြောက်ရွာလယ် လမ်းမလေး တစ်လမ်းတည်းသာရှိတဲ့ ရွာတန်းရှည်လေးဖြစ်နေပါပြီ။ ဆရာအောင်မူးရဲ့မိတ်ဆွေ ဦးမောင်ကတော့ ကင်းတပ်ရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို သူလက်လှမ်းမီသမျှရှင်းပြပါတယ်။

မြစ်ကမ်းနဘေးမှ မြင်ရသည့် မော်လိုက် ။ ဓာတ်ပုံ = ကျော်သူစိုး

ဟိုးတုန်းက ကင်းတပ်မြို့ရဲ့မြောက်ဘက်မှာ ထောင်ဟောင်းကြီးတစ်ခုရှိကြောင်း၊ အခုတော့ ထောင်နံရံကြီးတွေကိုဖြိုဖျက်ပြီး လူနေရပ်ကွက်တွေဖြစ်နေကြတဲ့အကြောင်း၊ သူတို့ငယ်ငယ်က ရွာရဲ့အရှေ့ဘက်မှာ အင်္ဂလိပ်စစ်သချႍုင်းတစ်ခုရှိခဲ့ပေမယ့် အခုတော့ အုတ်ဂူတွေကိုဖြိုဖျက်ပြီး လယ်ယာမြေတွေအဖြစ် ထွန်ယက် စိုက်ပျိုးနေကြကြောင်း၊ ရွာအရှေ့ဘက်မှာ အင်းကြီးရှိပြီး အဲဒီအင်းကြီး ရေကြီးတဲ့ဒါဏ်ကြောင့် (၁၉၁၄)ခုနှစ်မှာ အင်္ဂလိပ်တွေက ကင်းတပ်ကနေ မော်လိုက် မြို့ကို ရွေ့ပြောင်းတည်ထောင်ခဲ့ကြောင်း သူသိသမျှ မှတ်သမျှရှင်းပြပေးခဲ့လို့ ဗဟုသုတများကာ ကျေးဇူးတင်ရပါတယ်။

ရည်ရွယ်ရင်းဖြစ်တဲ့ အလောင်းမင်းတရားကြီးကိုးကွယ်တော်မူခဲ့တဲ့ “စစ်အောင်စစ်ဆောင်” ရုပ်ပွားတော်နှစ်ဆူစံမြန်းတော်မူရာ နန်းဦးရွှေဘုံသာကျောင်းတိုက်တော်ကို ဝင်ရောက်ဖူးမြော်ခဲ့ကြ ပါတယ်။ ရုပ်ပွားတော်နှစ်ဆူကို သစ်ကနက်သားနဲ့ထုလုပ်ထားပြီး အောင်ခံပလ္လင်တော် အပါအဝင် ဉာဏ်တော်(၁၈)လက်မခန့်ရှိပါတယ်။

စစ်အောင် စစ်ဆောင် ရုပ်ပွားတော် = ဓာတ်ပုံ – ကျော်သူစိုး

အလောင်းမင်းတရားကြီးဟာ မော်လူး(ကင်းတပ်)မှမဏိပူရ်ကို ချီတက်တိုက်ခိုက်ရာမှာ အဲဒီရုပ်ပွားတော်နှစ်ဆူကို ဆင်ဦးကင်းမှပင့်ဆောင်ပူဇော်ပြီး အဓိဌာန်ပြုတိုက်ခိုက်ရာ အလွယ် တကူပင် အောင်မြင်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်တွင်းက ကင်းတပ်မြို့ကို လေယာဉ်ဖြင့်ဗုံးကျဲချရာ အခြားသောသာသနိကအဆောက်အဦများ၊ နေအိမ်များကို ဗုံးဒါဏ်ထိ၍ ပျက်စီးသွားပေမယ့် ရုပ်ပွားတော်မြတ်နှစ်ဆူ ကိန်းဝပ်စမ္ပယ်လျက်ရှိတဲ့ မင်းကျောင်းကိုမူ ဗုံးဒါဏ်ထိမှန် ခဲ့မှုမရှိခြင်းတို့မှာ ရုပ်ပွားတော်နှစ်ဆူရဲ့ ထူးခြားမူများဖြစ်တယ်လို့ မင်းကျောင်း ဂေါပကကြီးတစ်ဦးက ရှင်းပြပါတယ်။

စစ်အောင်စစ်ဆောင်ရုပ်ပွားတော်နှစ်ဆူကို ကြည်ညိုစွာဖူးမြော်ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူပင့်ဆောင်ခဲ့ပါတယ်။ ရုပ်ပွားတော်မြတ်နှစ်ဆူကိုဖူးမြော်ပြီးတဲ့အခါ နန်းဦးရွှေဘုံသာစေတီ အား ဝင်ရောက်ဖူးမြော်ကန်တော့ကြပါတယ်။ မင်းကျောင်းပေါ်ကဆင်းပြီးအပြန် သိမ်ကျောင်းလေး ရဲ့ရှေ့အရောက်မှာတော့ “နှစ်ဖက်မိဘများဖြစ်ကြသော ဒေါက်တာမောင်မောင်(ငြိမ်း)(နိုင်ငံတော်သမ္မတ)နှင့်ဇနီးဒေါ်ခင်မြင့်၊ ဗိုလ်မှူးချုပ်စန်းကြည်(ငြိမ်း)(နိုင်ငံတော်ကောင်စီဝင်)နှင့်ဇနီးဒေါ်လှရီ တို့ကိုရည်စူး၍ သားသမီး မြေးများဖြစ်ကြသော ဗိုလ်မှူးကြီးကျော်သူ၊ ဇနီးဒေါ်လဲ့လဲ့ကြည်၊ သမီး-မြသန္တာဦး၊ သား-မောင် အောင်ကျော်စိုးတို့မှ မီးစက်နှင့်လျှပ်စစ်မီး အလုံးစုံကုသိုလ်ပြုလှူဒါန်းပါသည်” ဆိုတဲ့ (၃.၄.၉၆) ရက်စွဲပါ အလှူရှင်ကျောက်စာတိုင်လေး ကိုတွေ့ခဲ့ရပါတယ်။

သလ္လာဝတီလို့ခေါ်တွင်တဲ့ ချင်းတွင်းမြစ်အထက်မှာ အဲဒီလိုစိတ်ဝင်စားဖွယ်သမိုင်းဝင် နေရာတွေရှိနေကြဦးမှာပါ။
အလောင်းမင်းတရားကြီးရဲ့ “စစ်အောင်စစ်ဆောင်” ရုပ်ပွားတော်နှစ်ဆူကို ဖူးမြော်ချင်တဲ့ ဆန္ဒပြည့်ဝပြီးတဲ့အခါမှာတော့ ငှက်ပျောဖက်တွေနဲ့အထပ်ထပ်ထုပ်ထားတဲ့ ကင်းတပ်ရွာရဲ့ နာမည်ကျော် ကင်းတပ်ငါးချဉ်ထုပ်တွေကို လက်ဆောင်ဝယ်ယူပြီး ညနေ(၄း၃ဝ)လောက်မှာ မော်လိုက်မြို့ကိုပြန်ခဲ့ကြပါတော့တယ်။

(၁၄.၁ဝ.၂ဝ၁၁)ရက်နေ့၊ နံနက်(ရးဝဝ)မှာတော့ ထုံးစံအတိုင်း အားနာရလောက်အောင် ဧည့်ဝတ်ကျေပွန်လှတဲ့ ပန်းကမ္ဘာမိသားစုရဲ့နံနက်စာကိုသုံးဆောင်ပြီးမှ နံနက်(၉းဝဝ)နာရီမှာ “သလ္လာဝတီ”အမည် ရေးထိုးထားတဲ့ သဘောၤကြီးကိုစီးပြီး သလ္လာဝတီမြစ်ရေယာဉ်ကြောမှာ တအိအိတရွေ့ရွေ့စုန်မျောပြန်ဆင်းခဲ့ကြပါတော့တယ်။

သလ္လာဝတီ သင်္ဘော (ဓာတ်ပုံ – ကျော်သူစိုး )

“သလ္လာသတီ” သင်္ဘောကြီးပေါ်ကနေ မြန်မာပြည်ရဲ့ဒုတိယပင်မသွေးကြောကြီးဖြစ်တဲ့ သလ္လာဝတီရဲ့အလှနဲ့ ဘဝတစ်စိတ် တစ်ဒေသတွေကို ထိတွေ့ခံစား တန်ဖိုးထားထွေးပွေ့ခဲ့ရင်းဖြင့် ကုသိုလ်ခြေရာလေးများ ထင်ကျန်ရစ်ခဲ့စေပါတော့တယ် ……။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *