လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ သွေးသားတော်စပ်မှုအရ ညီအစ်ကိုရင်းချာ သွေးရင်းသားရင်းများဖြစ်စေကာမူ အယူအဆ မညီမျှ လောဘ အာဏာ ရမ္မက် ဆူပွက်ထန်ပြင်းမှုများက လူသားတို့၏ ရင်အစုံကို ကိုင်ဆုတ်ရိုက်ခတ်လာသည့်အခါ ။ ရဲဘော်ရဲဘက်အချင်းချင်း ညီနောင်သားရင်း အချင်းချင်းကြားမှာ အာဏာလွန်ဆွဲမှုများ မတော်လောဘများ ခါးသီးအမျက်အညှိုးများ အမုန်းအာဃတမီးတောက်များ အလျှံလျှံညီးညီး တောက်လောင်ကျွမ်းခဲ့ကြသည်

သက်ဝေ

ခုလို ဇူလိုင်လ မိုးရေစက်တွေကြားမှာ ချစ်ခင်လေးစားရသော ဆရာသမားတစ်ယောက်ရေးသားခဲ့သည် ဦးထုပ်မြင့်မြင့်ဆောင်းသူများဆိုသော ရသခံစားမှု အက်ဆေးဆောင်းပါးလေးကို တခုတ်တရနှင့် သတိတရရှိနေမိသည်။ အလားတူ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားမိန့်မှာဖူးသော လူဆိုတာ ကံတွေ ဉာဏ်တွေ တလူလူလွှင့်ထူထားသော လူသားများဖြစ်သည်ဆိုသော တရားတော်ကို ညွှတ်နူးစွာ နာယူနေမိသည်။ ထိုမျှမက စာပေဟောပြောပွဲစင်မြင့်များပေါ်တွင် ဆရာဦးအောင်သင်း အမြဲလိုလို ပြောကြားတတ်သည့် လူနှင့် တိရစ္ဆာန်တို့၏ အဓိကကွဲပြားခြားနားချက်များကိုလည်း ရှင်းလင်းပြတ်သားစွာ ပြန်လည်ကြားယောင်နေမိသည်။

လူဆိုသည်ကား ။ လူဆိုသည်မှာ ကမ္ဘာပေါ်ရှိ သတ္တဝါများအနက် အယဉ်ကျေးဆုံး သက်ရှိသတ္တဝါတစ်မျိုးဖြစ်ကြောင်း ခေတ်သစ်လူမှုဗေဒဆိုင်ရာ ပညာရှင်များက အသိအမှတ်ပြု ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဧကန်စင်စစ်လည်း လူသည် သဘာဝအလှအပတရားအား သိမြင်ခံစားတတ်ကြသူများ။ အရာရာကို နားလည်သဘောပေါက်အောင် ပိုင်းခြားသိမြင်တတ်ကြသူများ ။ အကျိုးအပြစ် ရလဒ်များကို ခွဲခြမ်းစိတ်ဖြာတတ်ကြများ စာနာဖေးမတတ်ကြသူများ ဖြစ်ကြသည်။ တစ်နည်း လူတို့သည် ခေတ်မီယဉ်ကျေးသူများ သဘောထားပျော့ပျောင်းနူးညံ့သူများ အသိပညာ အတတ်ပညာနှင့်ပြည့်စုံသူများ အတွေးအခေါ် အမြော်အမြင်ရင့်ကျက်သူများလည်း ဖြစ်ကြသည်။

သို့ရာတွင် ။ သို့ရာတွင် လူသားတို့၏ ရပ်တည်ရှင်သန်မှု မည်သို့ပင် ထပ်တူကျစေကာမူ ၎င်းလူသားတစ်ဦးချင်းစီ၏ နောက်ကွယ်မှ နောက်ခံအကြောင်းတရားက လူသားတစ်ဦးနှင့် အခြားလူသားတစ်ဦးကြား အဖွဲ့အစည်း တစ်ခု့နှင့် အခြားအဖွဲ့အစည်းတစ်ခုကြား နိုင်ငံတစ်နိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံကြား မှာ အယူုအဆရေးရာ ဝါဒရေးရာအားပြိုင်မှု များကြောင့် မမျှော်မှန်းနိုင်သော အမုန်းတရားမီးတောက်များ တောက်လောင်ခဲ့ကြရသည်။ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများစွာ ထိခိုက်ဆုံးရှုံးနာကျင်ရသော အကြမ်းဖက်စစ်ပွဲများ ဖြစ်ပွားခဲ့ကြရသည်။ အာဏာ ပါဝါနှင့် အကျိုးစီးပွားကြောင့် နူးညံ့သော နှလုံးသားများ ခက်ထန်ကြမ်းတမ်းလာခဲ့ကြ။ သွေးချင်းသားချင်း ညီနောင်အရင်းအချာများအချင်းချင်းကြား နှလုံးစိတ်ဝမ်း မငြိမ်းဖွယ်ရာ အာဃတမီးလျှံများ အလျှံတငြီးငြီး ။ သွေးပျက်ထိတ်လန့်ဖွယ် မျက်ရည်တို့သွေးချောင်းစီးခဲ့ရ။ အနာတရများ ဒဏ်ရာဒဏ်ချက်များ ထူပြောခဲ့ရ။ ခုလို တစ်ခုသော ဇူလိုင်လရဲ့ မိုးရေစက်တွေကြားမှ ကြေကွဲထိခိုက် ဆွတ်ကျင်မောလျခဲ့ရသည့် အနက်ရောင်သမိုင်းမှတ်တမ်းတစ်စ။

တကယ်တော့လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂဠုန် ဦးစောတို့သည် ကိုလိုနီလက်အောက်မှာ အတူတကွကျရောက်ခဲ့ရသူများဖြစ်ကြသကဲ့သို့နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘဝမှ တစ်မျိုးသားလုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသူများ။ စစ်ကြိုခေတ်မြန်မာနိုင်ငံ အစိုးရအဖွဲ့တွင် ဝန်ကြီးများအဖြစ် လက်တွဲဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ။

နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ သွေးသားတော်စပ်မှုအရ ညီအစ်ကိုရင်းချာ သွေးရင်းသားရင်းများဖြစ်စေကာမူ အယူအဆ မညီမျှ လောဘ အာဏာ ရမ္မက် ဆူပွက်ထန်ပြင်းမှုများက လူသားတို့၏ ရင်အစုံကို ကိုင်ဆုတ်ရိုက်ခတ်လာသည့်အခါ ။ ရဲဘော်ရဲဘက်အချင်းချင်း ညီနောင်သားရင်း အချင်းချင်းကြားမှာ အာဏာလွန်ဆွဲမှုများ မတော်လောဘများ ခါးသီးအမျက်အညှိုးများ အမုန်းအာဃတမီးတောက်များ အလျှံလျှံညီးညီး တောက်လောင်ကျွမ်းခဲ့ကြသည်။ သည်သို့နှင့် တစ်ခုသော မိုးဥတု၏ ခုလို မိုးရိပ်များ မှုန်မှိုင်းအုံဆိုင်းနေသည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ သမိုင်းတွင် အကျည်းတန် အရုပ်ဆိုးလွန်းလှသည့် နိုင်ငံတော်လုပ်ကြံမှု ကြီးတစ်ခုဖြစ်ပွားခဲ့ရ။ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦး ကျဆုံးအသက်စွန့်ခဲ့ရသည်။ မိဘဆွေမျို း မောင်နှမသားချင်းများသာမက ပြည်သူလူထုတစ်ရပ်လုံး၏ ဝမ်းနည်းကြေကွဲ ထိခိုက်နာကျင်တမ်းတသော ပူဆွေးမျက်ရည်မိုးစက်များ ကမ္ဘာမြေအနှံ့တိုင် စီးဆင်းခဲ့ရသည်။

ဤ သို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ၉ ဦး အသက်ပေးကျဆုံးခဲ့ရသည့်နည်းတူ အခြားသောစာမျက်နှာတစ်ဖက်မှာလည်း ဆိုခဲ့ပါ ကမ္ဘာကျော် သမိုင်း င်ရာဇဝတ်ပြစ်မှုကြီးကို ရက်စက်သည်းထန်စွာ ကျူးလွန်ခဲ့ကြသည့် ဂဠု န်ဦးစောနှင့် အပေါင်းအပါ ရာဇဝတ်သားများကိုလည်း သက်ဆိုင်ရာက ရှာဖွေဖော်ထုတ် ဖမ်းဆီးကာ တရားရုံးတော်တွင် အမှု စွဲဆိုခဲ့သည်။ တရားစီရင်ရေးအာဏာပိုင်အဖွဲ့အစည်းများကလည်း ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ခိုင်မာသောသက်သေအထောက်အထားများအရ ဂဠုန်ဦးစောနှင့် အပေါင်းအပါများကို သေဒဏ်အပါအဝင် အမြင့်ဆုံးပြစ်ဒဏ်များကို ချမှတ်အပြစ်ပေးအရေးယူခဲ့ရသည်။ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ အသက်သုံးဆယ်စွန်းစွန်းအရွယ်လေးမှာပင် ကျဆုံးခဲ့ရသကဲ့သို့ အာဏာရမ္မက်လွန်ကြူးမိုက်မှားခဲ့သူ ဂဠုန်ဦးစောမှာလည်း ကြိုးစင်တက်ကွပ်မျက်စီရင်ခြင်းခံ ခဲ့ရပါသည်။

သည်သို့နှင့် ………. သည်သို့နှင့် မကြာမတင်သောကာလမှာ ကမ္ဘာပေါ်တွင် သမိုင်းဝင်ထင်ရှားလာတော့မည့် ရန်ကုန်မြို့ အင်းလျားကန်အနီး တက္ကသိုလ်ရိပ်သာလမ်းမှ ရှေးဟောင်းစံအိမ်တစ်လုံး နှင့် အမေကြီးတစ်ယောက်။ ထို အမေကြီး၏ သားသမီးများက နိုင်ငံရပ်ခြား တိုင်းတပါးမှာ ပညာသင်ကြားနေကြ လုပ်ငန်းခွင်ဝင်နေကြချိန်မှာ အမေကြီးက တစ်ကိုယ်တည်း။ တစ်ကိုယ်တည်းပေမယ့်လည်း အမေအိုကြီးတစ်ယောက်ထဲ အထီးကျန် အကျည်းတန်မနေပါ။ အဘယ်ကြောင့်ဆိုသော် အိမ်ခြံဝင်းအတွင်းမှာ ရှားပါးလှပသော အဖိုးတန်အမျိုးမှန်သော ရောင်စုံသစ်ခွပန်းအမျိုးမျိုးကို စိုက်ပျိုးထားသောကြောင့်ပင်။ အားလပ်ချိန်တွေမှာ အမေအိုကြီးက ခြံဝင်းအတွင်းမှာပန်းကလေးတွကို ရေလောင်း ပေါင်းသင် အညောင်းအညာပြေ လမ်းလျှောက် တရားဓမ္မရှုမှတ်ရင်း ဘဝ၏ လောကဓံကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းနေခဲ့သည်။

တစ်ခုသော နေ့လယ်ခင်းမှာတော့ ခြံဝမှာ လူခေါ်ခေါင်းလောင်းသံကြောင့် အမေကြီး ခြံတံခါးကိုဖွင့်ပြီး အကျိုးအကြောင်း မေးမြန်းစေ့ငုကြည့်မိသညိ။ သူစိမ်းတရံအမျိုးသမီးက သူမအိမ်မှ သမီးငယ်လေး မင်္ဂလာဆောင်အတွက် အမေအို၏ ခြံထဲမှာ စိုက်ပျိုးထားသော လီလီပန်းကလေးများကို ရောင်းချပေးဖို့ စိုးစိုးရွံ့ ရွံနှင့် ေ့မတ္တာရပ်ခံ တောင်းပန်စကားဆိုလာသည်။ အမေအိုကြီးက အေးဆေးတည်ငြိမ်သော အပြုံးမျက်နှာဖြင့် ခင်မင်ရင်းနှီးဖော်ရွေစွာ လီလီပန်းကလေးများကို ခူးဆွတ်ပေးခဲ့သည်။ အဖိုးစားနားမယူဘဲ ဖြူစင်သောမေတ္တာသက်သက်ဖြင့် လီလီပန်းကလေးများကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ ပန်းလာဝယ်သည့် အမျိုးသမီးက စိုးရွံ့ အားတုံ့အားနာနှင့် ကျေးဇူးအထူးတင်ပါကြောင်း ဦးညွှတ်စကားဆိုခဲ့သည်။ထိုမှမမျှ မိမိတို့မှာ တစ်ခါက အမေအိုကြီး ခင်ပွန်းသည်ကို ဝိညာဉ်ခြွေခဲ့သည့် မိသားစုဝင်များဖြစ်ပါကြောင်းနှင့် အမေအိုကြီး ၏ ဖြူစင်လေးနက်သော မေတ္တာ စေတနာတရားတို့ကို တလေးတစား ဦးညွှတ်ဂုဏ်ယူပါကြောင်း လှိုက်လှိုက်လှဲလှဲပြောကြားခဲ့ကြသည်။

ဇာတ်ပေါင်းသော အမေအိုကြီးကား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည်ဖက် ချစ်ဇနီးသည် ဒေါ်ခင်ကြည်။ ပန်းလာဝယ်သူများက ဗိုလ်ချုပ်တို့ကိုလုပ်ကြံသတ်ဖြတ်ခဲ့သည့် ဂဠုန်စောမိသားစုဝင်များ။ သည်လိုနှင့် လီလီပန်းကလေးများ၏ ဇာတ်လမ်းတစ်ပုဒ်က လူယဉ်ကျေးတို့၏ နှလုံးအိမ်မှာ လှပသော ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ရ။

လွန်ခဲ့သော လအနည်းငယ်က ဝမ်းနည်းကြောင်းမှတ်တမ်းစာ သဝဏ်လွှာ အမှာပါးမှုကြောင့် လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ ဝေဖန်သုံးသပ်ပြောကြားမှုများ လှိုင်းဂယက်ထခဲ့ရသည်။ အကြောင်းမှာ နေပြည်တော်မှ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ မိသားစုဝင်တစ်ဦး ကွယ်လွန်ခဲ့ရာ လူထုခေါင်းဆောင်က ဝမ်းနည်းခြင်းသဝဏ်လွှာ စာတစ်စောင်ပေးပို့ခဲ့မှုအပေါ် သဘောထားအမြင်အမျိုးမျိးနှင့် ၎င်းတို့၏ တစ်ကိုယ်ရေအတွေးအမြင် ခံစားချက်များကို ဖွင့်အန်ချရေးထုတ်ခဲ့ကြသည်။ လူထုခေါင်းဆောင်ကိုယ်စား နာကြည်း ခါးသီး ထိခိုက်ကြေကွဲခံစားရသော အရေးအသားအချို့ကလည်း ဖတ်ရှူခဲ့ရသည်။

တစ်ခေတ်တစ်ခါက အာဏာရှင် ယခု အငြိမ်းစားဗိုလ်ချုပ်မှူးကြီး အာဏာလက်စောင်းထက်ခဲ့ချိန်က လူထုခေါင်းဆောင်က ဒီမိုကရေစီဘက်တော်သား အတိုက်အခံနိုင်ငံရေးပါတီကို ဦးဆောင်သူ ။ မကြောက်တရားဖြင့် သန်းငါးဆယ်ကျော်သော ပြည်သူများအတွက် ဒီမိုကရေစီအလင်းရောင်ကို ထွန်းညှိ လမ်းပြခဲ့သူ။ သို့ဖြစ်၍ အာဏာရှင်လက်ပါးစေတို့၏ အရေးယူဟန့်တား နှောင့်ယှက်ပိတ်ပင်မှု အသက်အန္တရာယ်ပြုမှု ဘေးဒုက္ခအမျိုးမျိုးကို ခါးခါးသီးသီး ရင်ဆိုင်တွေ့ကြုံခဲ့ရ။ ကာလများစွာ ကြာမြင့်အောင် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရ။ ဘဝ၏ နုပျို လတ်ဆတ်သော အတွေးအခေါ် အချိန်ကာလယန္တရားများကို ခြောက်သွေ့ပါးလျစွာဖြတ်သန်းကုန်ဆုံးခဲ့ရသည်။ သို့ရာတွင် လူထုခေါင်းဆောင်က သူမ၏ လူသားဆန်သော ယဉ်ကျေးသိမ်မွေ့သော နှလုံးသားကို အဓိပ္ပါယ်ပြည့်ဝစွာ ထုတ်ဖော်ပြသခဲ့သည့်အခါ ။ ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့။

ကွယ်လွန်တိမ်းပါးခဲ့လေသူ စာရေးဆရာ ကဗျာဆရာတစ်ဦးကမူ စိတ်ယဉ်ကျေးမှုဟူသော စကားလုံးကို လှပစွာ ထုတ်ဖေါ်ဖန်တီးရေးဖွဲ့ခံ့သည်။ ကြည်နူးဖွယ် ညွှတ်ပျောင်းဖွယ်ရာ ဝေါဟာရအသစ် ဘာသာဗေဒသစ်။ ပန်းကိုပွင့်စေသူနှင့် ပန်းခြွေခူးသူ ။ ခက်ထန်ကြမ်းတမ်းသူ ရက်စက်ယုတ်မာသူနှင့် သဘောထားပျောေ့ပျာင်းသူ ဖေးမကြင်နာသနားတတ်သူ ကိုယ်ချင်းစာတရားရှိသူ။ ဓမ္မနှင့် အဓမ္မလွန်ဆွဲအားပြိုင်မှုများကို မိမိတို့ ဖြတ်သန်ခဲ့ရာ လူ့အဖွဲ အစည်းအတွင်းမှာ ခေတ်အဆက်ဆက် စနစ်အဆက်ဆက်မှာ တွေ့ကြုံခံစားရပြီးဖြစ်သည်။

သို့သော် …… လူဆိုသည်မှာ မွေးဖွားစဉ်ကာလက ကိုယ်စိတ်နှလုံး သုံးပါးစလုံး သန့်ရှင်းစင်ကြယ်စွာ ယဉ်ကျေးသိမ်မွေ့စွာ မွေးဖွားခဲ့ကြသူများသာ ဖြစ်ကြသည်။ သို့ရာတွင် နိုင်ငံရေး စီးပွားရေး လုမှုရေးနောက်ခံပယောဂများကြောင့် လူသားအချင်းချင်း လှည့်စားဖြားယောင်းမှု နှိပ်စက်ညှဉ်းပန်းမှု လုပ်ကြံသတ်ဖြတ်မှု စသည့် အကုသိုလ် ဒုစရိုက်များကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြ။ တဏှာစေခိုင်းသမျှ မောဟအမှောင် ဒေါသအမှောင် လောဘအမှောင်ကျခဲ့သည်။လူ၏ စစ်မှန်သော အဓိပ္ပါယ်ကို မိမိတို့မေ့လျော့ထားခဲ့ကြသည်။

တကယ်တော့ လီလီပန်းကလေးများရဲ့ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံးနောက်ကွယ်မှာ လူယဉ်ကျေးတို့၏ နှလုံးသားအလှကို ကိုယ်စားပြုဖေါ်ပြခဲ့ပြီး ဖြစ်သည်ဟု မိမိယုံကြည်မျှော်လင့်မိပါသည်။ ကမ္ဘာမြေပေါ်မှာ ဇူလိုင် ၁၉ ရက်လို အဖြစ်ဆိုး အဖြစ်မျိုးတွေ နောက်ထပ်တစ်ဖန် မပေါ်ပေါက်စေဖို့ရာမူ ဦးထုပ်မြင့်မြင့်ဆောင်းသကဲ့သို့ မိမိတို့၏ အတွေးအခေါ် အယူအဆများ မြင့်မားတိုးတက်လာအောင် စဉ်းစားဆင်ခြင်စွမ်းဆောင်နိုင်ကြပါစေကြောင်း ….တိုးတိတ်ငြင်သာစွာ ဆုတောင်းနေမိသည်။ ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *