ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။

အောင်ဒင် (ဇွန် ၁၈၊ ၂၀၂၁ ခုနှစ်)

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဖက်ဆစ်စစ်အုပ်စုကို ငြင်းပယ်ခြင်း။

ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်မတော်အတွက် ကုလသမဂ္ဂစစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/ WHO) က အဖွဲ့ကြီးရဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီး (The 74th World Health Assembly) မှာ မြန်မာစစ်အုပ်စုကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံတက်ရောက်ခွင့် ငြင်းပယ်လိုက်ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကြီး (International Labor Organization/ ILO) က မြန်မာစစ်အုပ်စုကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပမယ့် နိုင်ငံတကာအလုပ်သမားညီလာခံ (109th International Labor Conference) ရဲ့ ၁၀၉ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဂျီနီဗာမြို့မှာပဲ ဇွန်လ ၂၁ ရက်ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပမယ့်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ခွင့် ငြင်းပယ်ခံရပြန်ပါတယ်။ ဒီလို အရေးကြီးတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းကြီးများရဲ့ ညီလာခံကြီးတွေကို တက်ရောက်ခွင့်ငြင်းပယ်ခံရတာဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ရွေးချယ်ဖွဲ့စည်းတာဝန်အပ်နှင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစည်းအဝေးတက်ရောက်ခွင့် ယှဉ်ပြိုင်လျှောက်ထားမှုကြောင့် ဖြစ်ပြီး ဒီအစည်းအဝေးတွေကို NUG လည်း တက်ခွင့်မရပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ပြင်းထန်အားကောင်းတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာဖက်ဆစ်တွေအတွက်တော့ နိုင်ငံတကာ မျက်နှာစာမှာ ကြီးမားတဲ့ အရေးနိမ့်မှုတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အသစ်

ဇွန်လ ၁၈ ရက်နေ့မှာ နယူးယောက်မြို့တော်က ကုလသမဂ္ဂဋ္ဌာနချုပ်၊ အစည်းအဝေးခန်းမကြီးမှာ ကျင်းပတဲ့ အထွေထွေညီလာခံအစည်းအဝေးကနေ မြန်မာဖက်ဆစ်တွေကို ပြင်းပြင်းထန်ထန် ဝေဘန်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။ ထောက်ခံမဲ ၁၁၉၊ ကန့်ကွက်မဲ ၁၊ ကြားနေမဲ ၃၆ နဲ့ မဲမပေးသူ ၃၇ ပါ။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ အများစုရဲ့ သဘောထားထင်ဟတ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ စကားလုံးအသုံးအနှုံးတွေ၊ တောင်းဆိုချက်တွေနဲ့ ပါတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ လိုင်ချက်စတိုင်း အပါအဝင် ဦးဆောင်တင်သွင်းသူ ဥရောပသမဂ္ဂနိုင်ငံများအကြား တစ်လကျော် ညှိနှိုင်းဆွေးနွေးခဲ့ကြတာမို့ အခုအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အာဆီယံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံများလည်း သဘောတူကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒီ ဆုံးဖြတ်ချက်မူကြမ်းကို အရှေ့ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ လိုင်ချက်စတိုင်း (Liechtenstein) နိုင်ငံနဲ့ အခြား ၅၃ နိုင်ငံပူးတွဲပြီး မေလဆန်းကထဲက တင်သွင်းခဲ့ပြီး မေလလယ်မှာ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ခဲ့ပေမယ့် အာဆီယံနိုင်ငံများရဲ့ တောင်းဆိုချက်ကြောင့် ရွှေ့ဆိုင်းခဲ့ပါတယ်။ အာဆီယံနိုင်ငံများက မူလဆုံးဖြတ်ချက်မူကြမ်းမှာပါဝင်တဲ့ “မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုပိတ်ပင်ရေး (Arms Embargo)” တောင်းဆိုချက်အပါအဝင် မြန်မာစစ်အုပ်စုကို ပြင်းထန်စွာ ဝေဘန်ရှုံ့ချတဲ့ စကားလုံးတွေအပေါ် သဘောမတူနိုင်ဘူးလို့ ဆိုပါတယ်။ ညှိနှိုင်းမှုတွေအပြီး အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာတော့ “လက်နက်ရောင်းချမှုပိတ်ပင်ရေး” အစား “မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)” လို့ ပြင်ဆင်လိုက်ပါတယ်။

ဆုံးဖြတ်ချက်ပါ တောင်းဆိုချက်များ

ဒီဆုံးဖြတ်ချက် (A/75/L.85/Rev. 1) က စာမျက်နှာ ၄ မျက်နှာ ရှည်လျားပါတယ်။ ရှေ့ပိုင်းက စကားချီးတွေ၊ နောက်ကြောင်းသမိုင်းတွေကို မရေးပြတော့ပဲ အဓိကကျတဲ့ တောင်းဆိုချက် ၉ ချက်ကိုပဲ ဘာသာပြန်ပြီး ဖော်ပြလိုက်ပါတယ်။

(၁) မြန်မာ့တပ်မတော်အနေဖြင့် နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၀ ခုနှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ရွေးချယ်ခဲ့သည့်  ပြည်သူလူထု၏ အလိုဆန္ဒကို လေးစားလိုက်နာရန်၊ အရေးပေါ်အခြေအနေကြေညာထားသည်ကို အဆုံးသတ်ရန်၊ မြန်မာပြည်သူများအားလုံး၏ လူ့အခွင့်အရေးများကို လေးစားရန်၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူကျင်းပခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် နိုင်ငံတော်၏ အဖွဲ့အစည်းအားလုံးကို ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အရပ်သားအစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိစေခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး  အောင်မြင်စေရန် တောင်းဆိုသည်။

(၂) မြန်မာ့တပ်မတော်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းအကျဉ်းချထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအရာရှိများ၊ နိုင်ငံရေးသမားများ၊ အဓမ္မဖမ်းဆီးထိန်းသိမ်းထားသူများ၊ စွဲချက်တင်ထားသူများအားလုံးကို အမြန်ဆုံးနှင့် ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုသည်။ ဖမ်းဆီးထိန်းသိမ်းခံနေရသူတို့ တရားမျှတမှုအတွက် ထိုက်တန်သောအခွင့်အရေးများ မှန်ကန်သေချာစွာ ရရှိစေရန်လည်း တောင်းဆိုသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှုများကို ပြည်သူများကိုယ်တိုင် ပိုင်ဆိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုမှတဆင့် ဆောင်ရွက်နိုင်ရန်အမြင်ဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ကြိုးပမ်းမှုများကို ထောက်ခံ၍ အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်။

(၃) ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသော အာဆီယံခေါင်းဆောင်များအစည်းအဝေးမှ မြန်မာပြည်သူများ၏ အကျိုးစီးပွါးအတွက် ငြိမ်းချမ်းသော အဖြေတစ်ခု ရှာဖွေဖော်ထုတ် စီစဉ်ပေးနိုင်ရေး ရည်ရွယ်ချမှတ်သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5 Points Consensus) ကို မြန်မာ့တပ်မတော်မှ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုသည်။ အဆိုပါရည်ရွယ်ချက် အထမြောက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးကလည်း အာဆီယံအဖွဲ့ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို ထောက်ခံကြရန် တောင်းဆိုသည်။

(၄) မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ သာမာန်ပြည်သူများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် အခြား ပုဂ္ဂိုလ်များအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ ၎င်းအပြင် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၊ သတင်းထောက်နှင့် မီဒီယာဝန်ထမ်းများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချုပ်ချယ်မှုများ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာအသုံးပြုမှုအပေါ် ကန့်သတ်ချုပ်ချယ်မှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုသည်။

(၅) မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် သူမ၏ မြန်မာနိုင်ငံခရီးစဉ်အား နှောင့်နှေးခြင်းမရှိပဲ စီစဉ်ပေးရန်၊ သူမနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့၏ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုများကို အားပေးရန် တောင်းဆိုသည်။ ၎င်းအပြင် အဆိုပါ ကိုယ်စားလှယ်များအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများက လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိရေး၊ တွေ့ဆုံကြသူများအား ဂလဲ့စားချေခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း မရှိစေရေး အာမခံချက်ပေးရန် တောင်းဆိုသည်။

(၆) မြန်မာ့တပ်မတော်မှ ကုလသမဂ္ဂ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဗဟိုဋ္ဌာန နှင် အခြားသော အဖွဲ့အစည်းများအား အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသူများအပါအဝင် ဘေးဒုက္ခရောက်နေသူများအားလုံးကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ အမြန်ဆုံး ထောက်ပံ့နိုင်ရေးအတွက် လွတ်လပ်စွာ၊ အကန့်အသတ်မဲ့ ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုသည်။ ၎င်းအပြင် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးအတွက် လေးစားလိုက်နာရန် တောင်းဆိုသည်။

(၇) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပဋိပက္ခများတွင် အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲကြရန် (Global ceasefire) တောင်းဆိုခဲ့ပါသည်။ အတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်အား လုံခြုံရေးကောင်စီက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၂၅၃၂/၂၀၂၀) ကို ချမှတ်ခြင်းဖြင့် ထောက်ခံခဲ့ပါသည်။ အဆိုပါ တောင်းဆိုချက်၊ ဆုံးဖြတ်ချက်များကို ရည်ညွှန်း၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးအား မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရန် တောင်းဆိုသည်။

(၈) မြန်မာနိုင်ငံအနေဖြင့် လက်ရှိနိုင်ငံရေးအကြပ်အတည်း ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအသင်းကြီးနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ပါရန် တောင်းဆိုသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အာဆီယံနိုင်ငံများက အဓိကအခန်းကဏ္ဍမှ အားဖြည့်ကူညီနေသည်ကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။

(၉) အထွေထွေညီလာခံမှ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတင်သွင်းသူနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ အစီရင်ခံစာများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အခြေခံ၍  မြန်မာနိုင်ငံအရေးကိစ္စအား ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်သည်။

#သုံးသပ်ချက်

(က) ဒီဆုံးဖြတ်ချက်အတွက် မူလအဆိုရှင်နိုင်ငံများနဲ့ အာဆီယံနိုင်ငံများအကြား ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဆီယံတို့ အောင်မြင်ပုံ မရပါ။ “လက်နက်ရောင်းချမှုပိတ်ပင်တားဆီးရေး” ဆိုတာကို ပြင်လိုက်တာက လွဲလို့ ကျန်တဲ့တောင်းဆိုချက်တွေ အားလုံးဟာ အားကောင်း၊ ပြင်းထန်ပါတယ်။ ပြင်လိုက်တဲ့ “လက်နက်များ စီးဝင်နေမှုကို တားဆီးရန်” ဆိုတာလည်း အတော်လုံလောက်ပါတယ်။ အထွေထွေညီလာခံဆုံးဖြတ်ချက်တွေက အတိအကျလိုက်နာရမယ့် ဆုံးဖြတ်ချက်မဟုတ်လို့ ဒီလောက် အသုံးအနှုံးပြောင်းတာက ဆုံးဖြတ်ချက်ကြီး တစ်ခုလုံးအတွက် အားနည်းမသွားနိုင်ပါ။

(ခ) ဒီဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီဆုံးဖြတ်ချက်လို အာဏာသက်ရောက်မှုမရှိပေမယ့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲက အများစုက ထောက်ခံတယ်ဆိုတာ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိပါတယ်။ ဩဇာရှိပါတယ်။ တကယ်တော့ မူကြမ်းကို အဆိုပြုသူ နိုင်ငံများနဲ့ အာဆီယံနိုင်ငံများရဲ့ ကြိုတင်သဘောတူညီထားမှုက ဒီဆုံးဖြတ်ချက်ကို မဲမခွဲပဲ ကန့်ကွက်သူမရှိ (Consensus) ပုံစံနဲ့ အတည်ပြုဖို့ပါ။ ဒါပေမယ့် မမျှော်လင့်ပဲ ဥရောပတိုက်က အာဏာရှင်နိုင်ငံတစ်ခုဖြစ်တဲ့ ဘယ်လာရုစ် (Belarus) က မဲခွဲဖို့ တောင်းဆိုပါတယ်။ ဒီလိုနဲ့ မဲခွဲကြတဲ့အခါ ထောက်ခံမဲ ၁၁၉ မဲရှိပြီး ကန့်ကွက်မဲက ဘယ်လာရုစ်ရဲ့ ၁ မဲထဲရှိပါတယ်။ ၃၆ နိုင်ငံက ကြားနေကြပြီး ၃၇ နိုင်ငံက မဲမပေးကြပါ။ ထူးခြားတာက အာဆီယံ ၆ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာ (ဦးကျော်မိုးထွန်း) တို့က ထောက်ခံမဲပေးပြီး အာဆီယံ ၄ နိုင်ငံ (ဘရူနိုင်း၊ ကမ်ဘောဒီးယား၊ ထိုင်းနဲ့ လာအို) က ကြားနေပါတယ်။ ပြီးတော့ တရုတ်နဲ့ ရုရှားကလည်း ကြားနေကြပါတယ်။ ဒီ မဲစာရင်းကိုကြည့်ရင် မြန်မာစစ်အုပ်စုကို ထောက်ခံတာ ဘယ်လာရုစ်တစ်နိုင်ငံထဲ ရှိသလိုပါ။

(ဂ) ဆုံးဖြတ်ချက်တစ်ခုလုံးမှာ မြန်မာစစ်အုပ်စုကို “အစိုးရ” အဖြစ် ဖော်ပြမသွားပါ။ သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။

(ဃ)ဒီဆုံးဖြတ်ချက် ချမှတ်ချိန်ဟာ ပြည်တွင်းမှာလည်း မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့ ဖက်ဆစ်စစ်တပ်ကြီးအပေါ် ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန် ဆက်လက်မြင့်မားနေပြီး ဖက်ဆစ်တပ်တွေ အကျအဆုံးများနေတဲ့အချိန်၊ အကြောက်တရားတွေ ပိုပြီး ကြီးမားလာတဲ့အချိန်ပါ။ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့ကို မှီခိုအားထားနေရချိန်မှာ သူတို့ရဲ့ အကာအကွယ်ကို မရပဲ နိုင်ငံတကာမျက်နှာစာမှာပါ ထပ်ရှုံးရတာမို့ အတော် အထိနာပါလိမ့်မယ်။

(င) WHO၊ ILO နဲ့ UNHRC တို့ကနေ မြန်မာစစ်အုပ်စုကို အစည်းအဝေး တက်ခွင့်မပေးတာ၊ အထွေထွေညီလာခံကနေ ပြင်းထန်အားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်တာတွေဟာ သူ့အလိုလို ဖြစ်လာတာတော့ မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု (International Advocacy) ရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုရပါတယ်။

(စ) ပြီးတော့ နိုင်ငံတကာရောက် မြန်မာအသိုင်းအဝိုင်းတွေရဲ့ အားထုတ်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ သူတို့တွေ နေ့စဉ်နဲ့အမျှ ရောက်ရှိရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေ၊ တရုတ်သံရုံးတွေ၊ အာဆီယံသံရုံးတွေ ရှေ့မှာ ဆန္ဒပြကြတာတွေ၊ ရောက်ရှိရာနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ကြတာတွေဟာလဲ နိုင်ငံတကာအစိုးရများက ဖက်ဆစ်အုပ်စုကို အသိအမှတ်မပြုရေးအတွက် အထောက်အကူပြုတာ သေချာပါတယ်။

(ဆ) နိုင်ငံတကာ မျက်နှာစာက သံတမန်ရေးတိုက်ပွဲတွေက ဒီမှာ မပြီးဆုံးပါ။ ပိုပြီး ရင်ခုန်၊ စိတ်လှုပ်ရှားရမယ့် အချိန်ကို မကြာခင် ရောက်ရှိလာပါတော့မယ်။ လာမယ့် စက်တင်ဘာလမှာ စတင်ကျင်းပမယ့် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံကြီး ဖြစ်ပါတယ်။ ဒီညီလာခံကြီး မစခင်မှာပဲ အထွေထွေညီလာခံ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee) မှာ ဖက်ဆစ်စစ်တပ်ကရော၊ NUG ကပါ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် တင်လျှောက်ကြမှာပါ။ ကော်မတီက အဆုံးအဖြတ်မပေးပဲ အထွေထွေညီလာခံအစည်းအဝေးက ဆုံးဖြတ်ပေးဖို့ တင်သွင်းရမှာပါ။ အဲဒီအချိန်မတိုင်မီမှာပဲ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့က မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုရေး အစွမ်းကုန်စည်းရုံးကြမှာပါ။ ကျူးဘားလို၊ နိုက်ကာရာဂွါလို အာဏာရှင်နိုင်ငံတွေကလည်း မြန်မာစစ်တပ်ကို ထောက်ခံကြပါလိမ့်မယ်။ NUG နဲ့အတူ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားဒီမိုကရေစီနိုင်ငံများကလည်း NUG ကို တရားဝင်အသိအမှတ်ပြုရေး စည်းရုံးကြပါလိမ့်မယ်။ တကယ်လို့ စစ်အုပ်စုဘက်က နိုင်သွားရင် စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်ပြီး အခု ငြင်းဆိုထားတဲ့ အဖွဲ့အစည်းတွေက စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ခွင့် ပြန်ပေးရမှာပါ။ စစ်အုပ်စုအနိုင်မရအောင် ကျနော်တို့ ဒီ့ထက်ပိုပြီး ကြိုးစားအားထုတ်ရပါလိမ့်မယ်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *