ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်

ကောင်းမြတ်နိုင်

ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုကိစ္စဟာ အစိုးရအနေနဲ့ အာဏာအလွှဲသုံးပြီး အင်အားအလွန်အကျွံအသုံးပြုမှုကို ပြသနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ကနေ ဘယ်နေ့ထိ ခေတ္တခဏရှောင်တိမ်းနေရမယ် အဲဒီလို ပြောင်းရွေ့နေစဉ်ကာလအတွင်း အဲဒီရွာသား အားလုံးရဲ့စားဝတ်နေရေးကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာမပါရှိသလို အဲဒီလို နယ်မြေရှင်းလင်းရေးအတွင်း ပျက်စီး ဆုံးရှုံးသွားတဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအတွက် ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

ဒီထုတ်ပြန်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်သလို လူ့အခွင့်အ ရေး နိုင်ငံတကာစစ်မျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပါ ၃၅၆ မှာတော့ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း ၍ ဥပဒေအရ အကာအကွယ်ပေးရမည် “လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။

အခုကျောက်တန်းအုပ်စုအတွက် အစိုးရအဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက် မရောက်ဆိုတာ
ဥပဒေပညာရှင်တွေနဲ့နိုင်ငံရေးသမားတွေ ထောက်ပြ ဝေဖန်ရမယ့်ကိစ္စတစ်ရပ်ဖြစ်လာနေပါပြီ။ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အနီးဝန်းကျင်ရွာများတွင် AA အဖွဲ့ဝင်များ ဖြန့်ခွဲလှုပ်ရှားနေတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်တဲ့အတွက် ကျေးရွာများတွင် နေထိုင်ခြင်းမပြုဘဲ ခေတ္တရှောင်တိမ်း နေထိုင်ကြပါရန် အုပ်ချုပ်ရေးမှူးတွေကို စာထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီထုတ်ပြန်ချက်ကို မထုတ်မီ ရခိုင်ပြည်သူလူထုကရွေး ကောက်တင်မြောက်ထားတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို အသိပေး သဘောတူညီမှုရယူခဲ့သလားဆိုတာကတော့ ရခိုင်ပြည်သူတစ်ရပ်လုံးက မေးခွန်းထုတ်ရမယ့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

“ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်လျင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု ပစ္စည်းလုံခြုံမှု စာပေးစာယူနှင့်အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။”ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ ၃၅၇ မှာ ဖော်ပြထားတာကို အစိုးရအနေနဲ့ လိုက်နာမှုရှိ မရှိကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက စောင့်ကြည့်ထောက်ပြသင့်ပါတယ်။

နိုင်ငံတော်တာဝန်ကိုယူထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်။

စီဒေါ့ကို လက်မှတ်ထိုးထားတဲ့ အစိုးရအနေနဲ့ ကလေးတွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေကိုလည်း ကာကွယ်စောင့်ရှောက် ပေး ရမှာမို့ ဒီဖြစ်စဉ်ကို တာဝန်ခံမှု တာဝန်ယူမှုမပြုရင်တော့၂၀၁၇ ဖြစ်စဉ်တုန်းက ရိုဟင်ဂျာ (နိုင်ငံတကာအခေါ်)တွေကို ကျူးလွန်တယ်လို့ နိုင်ငံတကာက စွပ်စွဲတာဟာ မှန်ကန်ကြောင့် သက်သေပြသလို ဖြစ်သွားပါလိမ့်မယ်။ ၂၀၁၉ နှစ်ဆန်းကစတင်ကာ ကြီး ရေ လေ ပူးပေါင်းစစ်ဆင်ရေးနဲ့အင်အားအလွန်အကျွံအသုံးပြုနေတဲ့ မြန်မာ့တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်လို့ စွပ်စွဲခံနေရတဲ့ အပြစ်မဲ့အစ္စလာမ်ဘာသာဝင်အများ အပြား သေဆုံးထိခိုင်ဒဏ်ရာရဖြစ်စဉ်တွေဟာလည်း ICJ အတွက် ပိုမိုအထောက်အကူပြုဖြစ်သွားစေနိုင်ပါတယ်။

ဒီနေ့ပဲ ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနဲ့ကျောက်တန်းကျေးရွာသား လူ ၁၀၀ နီးပါးဟာ မြန်မာ့တပ်မတော်က ဖမ်းဆီးနှိက်စက်မှုကိုခံနေရပြီလို့ ဒေသခံရွာသားတွေက အသိပေးပြောလာပါတယ်။ တချို့ကျေးရွာတွေက လူနေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံနေရပြီမို့ဒီလုပ်ဆောင်ချက်တွေဟာ အစိုးရအကြီးအကဲတွေနဲ့အစိုးရလက်နက်ကိုင် အကြီးအကဲတွေကို နိုင်ငံတကာတရားရုံးက အရေးယူဖို့ ပြောဆိုနေမှုတွေကို ပိုမိုခိုင်မာလာစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ ရာနှင့်ချီတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို အင်အားအဆမတန်တိုးပွားသွားစေပြီး သောင်းနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေဖြစ်သွား စေဖို့ အင်အားစုဆောင်းပေး တွန်းပို့လိုက်ရာလည်း ရောက်သွားပါတယ်။

ကွန်ဖက်ဒရေးရှင်းအဆင့်သာတောင်းဆိုတိုက်ပွဲဝင်နေတဲ့ AAကို လူထုတော်လှန်ရေးလမ်းကြောင်းထဲသို့ တွန်းတင်ပို့ပြီး လွတ်လပ်ရေးပေးနိုင်အောင် ကြိုးစားနေတာဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သာဖြစ်တာမို့ ဒီပဋိပက္ခကို မြန်မြန်အဆုံးသတ်ဖို့ အင်အားအလွန်အကျွံအသုံးပြုပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ပြည်ထောင်စုထဲက အမြစ်ပြတ်ကွဲထွက်သွားဖို့အတွက် ရခိုင်ကို အင်အားအလွန်အကျွံအသုံးပြုပြီး အမြန်ဆုံးအမြစ်ဖြတ်ချေမှုန်းပေးဖို့လိုအပ် နေသလို ရှိရင်တော့ ဓာတုလက်နက်တွေ အသုံးပြုတိုက်ခိုက်
ပေးပါလို့ တောင်းဆိုပါရစေ။ ။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *