“ငယ်ငယ်ကတည်းက ရက်ရက်စက်စက် ဆင်းရဲခဲ့တယ်၊ အိမ်ကို ဝါးခြမ်းနဲ့ကာထားရတယ်၊ ဆောင်းတွင်း လေတိုက်ရင် ချမ်းလွန်းလို့ စောင် လေးကာပြီး အိပ်ရတယ်၊ ဆိုင်းထမ်းတံပိုးကျိုးအောင် ထမ်းပြီးလုပ်ကိုင်စားသောက်ခဲ့ရတယ်”
ကိုကိုလွင်
“ထီးပြင်တယ်၊ ဖိနပ်ပြင်တယ်၊ ဖိနပ်သည်းကြိုးတွေ လဲတယ်၊ လက်နှိပ်ဓါတ်မီးတွေလည်း ပြင်တယ်…..” ထိုအသံကို ကျွန်တော်ငယ်ငယ်ကတည်းက ကြားဖူးနေကြ အသံ။ အသံက အောင်မြင်သည်။ ဩဇာဓါတ်ပါသည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ သူအော်ကျစာသားကို အလွတ်ရနေခြင်းပင် ဖြစ်သည်။
သူ့ပုံကိုကြည့်ရင်တော့ မဲမဲသဲသဲ၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့။
သစ်သားသေတ္တာနှစ်လုံးကို ဆိုင်းထမ်းတံပိုးဖြင့် ထမ်းကာ နှစ် ၄၀ ကျော် ၅၀ နီးပါး တစ်ရွာဝင် တစ်ရွာထွက် ရွာစဉ်လှည့်လည်ပြီး သားသမီး ၆ ယောက်ကို လုပ်ကိုင်ကျွေးမွေးခဲ့သူ။ မိမိက ပညာမတက်ခဲ့သော်လည်း မိဘတို့ရဲ့မေတ္တာတရားအတိုင်း သားသမီးကို ပညာတက်မြောက်စေချင်ခဲ့သည်။ သို့အတွက်ကြောင့် ထိုအလုပ်ဖြင့်ပင် သမီးထွေးလေးကို ကျောင်းဆရာမဖြစ်သည်အထိ ကြိုးစားရုန်းကန်ခဲ့ရသည်။
ယခုအချိန်မှာမူ သူ့ပခုံးနှစ်ဘက်ပေါ်မှာ အသမာ ဘု ကြီးတွေ ထွက်နေလေပြီ။ ထိုသူကား ဦချစ်သောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဖလန်ကန်ကျေးရွာက ဖြစ်သည်။ ယခု အသက် ၆၉ နှစ်ရှိပြီ၊ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် ထီးဖိနပ်ပြင်သည့် အလုပ်ကို လွန်ခဲ့သည့် ၅ နှစ်ခန့်က ရပ်နားလိုက်သော်လည်း နွားကျောင်း၊ ထင်းခွေ၊ အိမ်မှုကိစ္စအလုပ်များကို ဖျက်လတ်စွာ လုပ်ကိုင်နေဆဲဖြစ်သည်။
“ထီးဖိနပ်ပြင်တဲ့အလုပ်ကို အိမ်ထောင်ကျပြီးချိန် တော်လှန်ရေးကောင်စီခေတ်ကတည်းက ဇောက်ချလုပ်ခဲ့တာ၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် လက်ထက်အထိပဲ၊ အခုအစိုးရ တက်ခါနီးဆဲဆဲ သမီးလေး ဆရာမဖြစ်ပြီးမှ နားလိုက်တာ” ဟု ဦးချစ်သောင်းက ပြောသည်။
ညီအစ်သုံးယောက်ရှိသည့်အနက် ဦးချစ်သောင်းမှာ အလတ်ဖြစ်သည်။ မိဘများမှာ ဆင်းရဲနွမ်းပါးသဖြင့် ငယ်စဉ်က ဆရာတော် ဦးဣန္ဒာစာရ၏ ရွှေကူကျောင်းတိုက်တွင် ၅ နှစ်ခန့် ညအိပ် ကျောင်းသားအဖြစ် နေခဲ့ရသည်။
“ညီအစ်ကိုသုံးယောက်လုံး ဒီကျောင်းမှာပဲနေခဲ့ရတာ၊ မနက်စာညစာ ကျောင်းမှာပဲစားတာပါ၊ အဲဒီခေတ်ကတော့ ကြည်းလင်ပန်းကြီးနဲ့ စားရတာပေါ့” ဟု ဦးချစ်သောင်းက ဆိုသည်။ မိဘဘိုးဘွားများမှာ သရေစိမ်းဖိနပ်ချုပ်ခြင်း၊ လှည်းစီးကုံးချုပ် လုပ်ငန်းများလုပ်ကိုင်ပြီး ဈေးများနှင့် ရွာစဉ်လှည့်လည် ရောင်းချကြရသည်။ကျောင်းထွက်ပြီးနောက်ပိုင်းတွင် မိဘများ၊ ဦးလေးများနှင့် ဖိနပ်ချုပ်ခြင်း၊ ဖိနပ်ရောင်းခြင်း လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။
ယင်းအပြင် အုံနှဲပင်များခုတ်ပြီး ဆေးရိုးစဥ်းရောင်းခြင်း၊ နေ့စား လယ်ကူလီလုပ်ခြင်း၊ တစ်နှစ်လျှင် ၂၀၀ ကျပ်ဖြင့် နှစ်ပြတ် လယ်ကူလီလုပ်ခြင်းများလည်း လုပ်ကိုင်ခဲ့ရသည်။“ငယ်ငယ်ကတည်းက ရက်ရက်စက်စက် ဆင်းရဲခဲ့တယ်၊ အိမ်ကို ဝါးခြမ်းနဲ့ကာထားရတယ်၊ ဆောင်းတွင်း လေတိုက်ရင် ချမ်းလွန်းလို့ စောင် လေးကာပြီး အိပ်ရတယ်၊ ဆိုင်းထမ်းတံပိုးကျိုးအောင် ထမ်းပြီးလုပ်ကိုင်စားသောက်ခဲ့ရတယ်” ဟု ဦးချစ်သောင်းက ပြောသည်။ ဦးချစ်သောင်း အသက် ၂၀ ကျော်တော့ တစ်ရွာတည်းနေ တစ်ရေတည်းသောက်သူ ဖလန်ကန် ကျေးရွာသူ ဒေါ်သန်းနွဲ့နှင့် အိမ်ထောင်ပြုလိုက်သည်။
အိမ်ထောင်ပြုပြီးနောက်ပိုင်း ဦးလေး၊ အကိုဖြစ်သူတို့နှင့်အတူ ဖိနပ်၊ ထီး၊ လက်နှိပ်ဓါတ်မီးပြုပြင် သည့်အလုပ်ကို ဝင်ရောက်လုပ်ကိုင်ရာမှ သစ်သားသေတ္တာနှစ်လုံးကို ဆိုင်းထမ်းတံပိုးဖြင့်ထမ်းကာ ရွာစဉ်ခြေလျင်လျောက်ပြီး ဘဝတစ်လျှောက်လုံး အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ဇောက်ချလုပ်ကိုင်ခဲ့သည်။ “တစ်ယောက်တည်းလည်း သွားတယ်၊ တစ်ခါတစ်လေ ညီအစ်ကိုတစ်တွေသွားကြတယ်၊ တစ်ယောက်က ရွာတောင်ပိုင်းဆိုရင် တစ်ယောက်က ရွာမြောက်ပိုင်း လှည့်ကြရတယ်” ဟု ဦးချစ်သောင်းက ဆိုသည်။ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် ဆိုင်းထမ်းလေးထမ်းကာ ရွာစဉ် ခြေလျင်လျောက်ခဲ့သည်။
တစ်ခေါက်ထွက်လျှင် ၁၅ ရက်မှ တစ်လအထိ ကြာပြီး တစ်ရာကျပ်မှ သုံးရာကျပ်အထိ ရရှိသည်ဟု ဦးချစ်သောင်းက ပြောပြသည်။”ကားဖိနပ်တစ်ရံမှ ငါးမူး၊ ကတ္တီပါဖိနပ်တစ်ရံမှ နှစ်ကျပ်ခွဲ ရတာပဲ၊ ဆန်တစ်ပြည် နှစ်ကျပ်ခွဲရှိတာဆို တော့ သူ့ခေတ်နဲ့သူ အသုံးခံပါတယ်” ဟု ယခင်က လုပ်ကိုင်စားသောက်ခဲ့ရပုံကို ဦးချစ်သောင်းက ပြောပြသည်။ ယင်းကဲ့သို့ ရွာစဉ်လှည့်လည် လုပ်ကိုင်ရာတွင် အများအားဖြင့် ဘုန်းကြီးကျောင်းများတွင် တည်းခိုလုပ်ကိုင်ခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ရေနွေးအိုးတည်ခြင်း၊ ထင်းခွဲ၊ ရေခပ်၊ ပေါင်းနှုတ်စသည့် ကျောင်းဝေယျာဝစ္စများကို ကုသိုလ်ယူလုပ်ကိုင်ရင်း ကျေးဇူးဆပ်ရင်း ချွေးနဲစာလေးများကို လှူတန်းရင်း ဘဝ ဝမ်းရေးအတွက် ခရီးဆက်ခဲ့ရသည်။
“အချိန်နောက်ကျလို့ ဘုန်းကြီးကျောင်းက ထမင်းမကျန်ရင် ရွာထဲမှာတောင်းစားရတယ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက မရိုင်းပါဘူး” ဟု ဦးချစ်သောင်းက ပြောသည်။ နှစ်တိုင်ခရီး၊ သုံးတိုင်ခရီးဆိုလျှင် တစ်ညအိပ်ရသည်။ နွေမိုးဆောင်း ရာသီမရွေး လုပ်ကိုင်ရပြီး မိုးအဆက်မပြတ် ရွာသွန်းသည့် နေ့ရက်များမှာ ဦးချစ်သောင်း၏ အလုပ်နားရက်ဖြစ်သည်။ သူများစီးပြီးသား ဖိနပ်စုတ် ဖိနပ်ဟောင်း ဖိနပ်ပြတ်များကို ပြုပြင်သည့်အလုပ်မှာ နိမ့်ကျသည့် အလုပ်ဟု လူတစ်ချို့က ယူဆကြ အထင်မြင်သေးကြသော်လည်း ဦးချစ်သောင်းမှာ သူ့အလုပ်ကို လေးစားသည်။ ဂုဏ်ယူသည်။ တန်ဖိုးထားသည်။ “နောက်နောက်က အကျိုးပေးမကောင်းခဲ့လို့ အထင်မြင်သေးခံရတာပဲလို့ သဘောထားတယ်၊ ဒီအလုပ်နဲ့ လုပ်ကိုင်စားရတာ မြိန်ရှက်တယ်၊ အားမငယ်ဘူး၊ မစင်ကြယ်တဲ့အလုပ်ကမှ အဆိပ်ပင်မျိုရသလိုပဲ” ဟု ဦးချစ်သောင်းက ဆိုသည်။
ဦးချစ်သောင်းမိသားစုမှာ တစ်နေ့လုပ်တစ်နေ့စားဘဝနှင့် ရပ်တည်လာခဲ့ရသဖြင့် သားသမီးအကြီးတွေကို ထူးချွန်အောင် ကျောင်းထားမပေးနိုင်ခဲ့ပေ။ သို့သော် သမီးထွေးလေး ပညာတက်မြောက်ရေးအတွက် ဦးချစ်သောင်း မိသားစု ဝိုင်းဝန်းကြိုးစားရုန်းကန်ခဲ့ကြသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသည့် ဆိုရိုးစကားအတိုင်း ဇနီးဖြစ်သူဒေါ်သန်းနွဲ့ကလည်း နွားချည်ကြိုး၊ နွားနှာခေါင်းကြိုး ( နွားဖားကြိုး – အရပ်အခေါ်) လှည်းတုတ်ကြိုးများကို ခေါင်းရွက် ကာ ရွာစဉ်လှည့်ရောင်းချခဲ့သည်။ သားသမီးများကလည်း မိဘကူရင်း အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ရသည်။
“သမီးငယ်ကလည်း ဆရာမဖြစ်သွားပြီ၊ သားသမီးကြီးတွေကလည်း အိမ်ခွဲသွားပြီ ဆိုပေမယ့် သူတို့က ပြန်လည်ထောက်ပံ့ကြတော့ စားဝတ်နေရေး ချောင်လည်နေပါပြီ” ဟု ဦးချစ်သောင်း ဇနီးဖြစ်သူ ဒေါ်သန်းနွဲ့ကပြောသည်။”အစိုးရဝန်ထမ်း ဆရာမဖြစ်သွားတော့ အရမ်းဝမ်းသာတယ်၊ သူ့ကိုယ်သူ ရပ်တည်သွားနိုင်တာကိုက ခြိုက်မြိုက်သွားပြီ” ဟု ဦးချစ်သောင်းက ပြော သည်။ ဦးချစ်သောင်း အိမ်ထောင်ကျစကတည်းက သမီးထွေးလေး ကျောင်းဆရာမဖြစ်သည်အထိ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါးလုပ်ကိုင်ခဲ့တဲ့အလုပ် ယခုတော့ အမွေဆက်ခံမယ့်သူမရှိတော့ပြီ။
သူအသုံးပြုခဲ့တဲ့ သေတ္တာနှစ်လုံးနဲ့ တံပိုးဆိုင်းထမ်းလေးတွေ၊ ဖိနပ်ချုပ် ထီးပြင်ရာမှာသုံးတဲ့ ဆိတ်ချို ပလာယာ သံဆူးချိတ်လေးတွေကိုတော့ အမှတ်တရ အမြတ်တနိုး သိမ်းဆည်းထားဆဲ။ ဦးချစ်သောင်းရဲ့ လက်သုံးစကားကတော့ “ကိုယ့်အလုပ်ကို လေးစား တန်ဖိုးထား ကြိုးစား သမ္မာအာဇီဝကျပါစေ” တဲ့….. လောကနီတိ၊ ပဏ္ဍိတ ကဏ္ဍတွင်…….နှုတ်လက်ပညာ၊ ဤနှစ်ဖြာ၊ ငယ်စွာမမှတ်သင့်၊ကုန်စင်တတ်ပြု၊ နှုတ်လက်မှု၊ တစ်ခုဖြစ်ပေမင့်၊အသက်မွေးကြောင်း၊ တစ်ခုကောင်း၊ နှစ်ထောင်းဖြစ်မည်ရှင့်။ အဓိပ္ပါယ်ကား_____ နှုတ်မှုပညာ လက်မှုပညာကို ငယ်၏ဟု မအောက်မေ့ မမှတ်ထင်ကြရာ၊ ကုန်စင်အောင်တတ်မူ တစ်ခုသောအတတ်သည်လည်း အသက်မွေးကြောင်း ဖြစ်သည်သာ ဟု ဆိုထားလေသည်။
ဦးချစ်သောင်းတစ်ယောက် ယာကွင်းပြင်စားကျက်မှာ စားနေတဲ့သူ့နွားတွေကို ငေးမျှော်ကြည့်ရင်း သူ့ရင်ထဲက စကားတစ်ခွန်း ထွက်ပေါ်လာသည်။
“မိုးတွေရွာတိုင်း ကိုယ့်လုပ်ခဲ့တဲ့ အလုပ်လေးတွေကို ပြန်အမှတ်ရနေတယ်”
Red News Agency