ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခလရ၂၈၉ တပ်ရင်း၊တပ်နယ်အတွင်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရသည်ဟု ရခိုင်အခြေစိုက်၊သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်း ကိုတင်ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။

နေပြည်တော်၊ကုတင် ၃၀၀ ဆေးရုံးမှာ ဓာတ်မှန်ကျွမ်း ကျင်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် မိခင်ကျန်းမာရေးကြောင့် ပြန်ရောက်လာသည့် ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၇) နာရီဝန်းကျင်က ၂၈၉ တပ်ရင်းမှ စစ်သားများကဖမ်းဆီးသွားကြောင်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာတာဝန်ခံလုပ်နေသည့် မီးလက်ဝကျေးရွာ စာသင်ကျောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်သည့် ကိုတင်ဦးကို ဝိသုဒါရုံစစ်ရှောင်စခန်းဝင်ပြီး ရဲတွေ ဖမ်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ရခိုင်ပြည်နယ် အခြေစိုက် Western News သတင်းဌာနမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က တင်ပြထားရာတွင် ကိုတင်ထွန်းအောင်က ” ပထမသူတို့ထောင်ထားတဲ့နေရာက ဒီဖက်ကအမြင်ရှင်းတယ်။ နောက်တစ်ရက်နှစ်ရက်ကျတော့ နောက်ဆုတ်ပြီး ပြန်ထောင်ထားတယ်။ ကျနော် အဲ့ဒီအလံဖြူကို စတွေ့တာကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစတွေ့တာ။ အခုလည်း ရှိနေတုန်းပဲ။ အဲ့ဒီအလံထောင်ထားတဲ့ နယ်က အန်ခိုဝက် ဘက်နဲ့နီးတယ်။ ပြီးတော့ ဆီးဖလောင်းရွာဘက်တွေနဲ့ နီးတယ်။ အလံဖြူထောင်ထားတာကတော့ အဲ့မှာရှိတဲ့ ၂၈၉ တပ်ရင်းနယ်နိမိတ်ကျတယ်” ဟုပြောကြားထားပြီး၊ အလံဖြူထောင်ထားကြောင်း ဦးတင်ဦးကလည်း “ အဲ့ဒီတပ်ရင်းရှိတဲ့နေရာမှာ အလံဖြူထောင်ထားတာတွေ့ပါတယ်။ ဘယ်အချိန်လောက်ကစထောင်ထားလဲဆိုတာ တော့ကျနော်လည်းသေချာသတိမထားမိလိုက်ဘူး။ ခုချိန်ထိတော့ ထောင်ထားတုန်းပဲ။” ဟုပြောကြားထားသည်ကို တွေ့ရသည်။

ပလက်ဝမြို့သည် ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်အတွင်း ပါဝင်နေပြီး ရက္ခိုင့်တပ်တော် (AA)နှင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ယခုအထိ စစ်ဘေးရှောင်စခန်းတွေ ရှိနေသေးကြောင်း သိရသည်။

Photo : ပလက်ဝမြို့ မြင်ကွင်း – Wikipedia

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *