RNA_နိုဝင်ဘာ(၂၇)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၉) ထံ ကော်သူးလေတပ်မတော် (KTLA) မှ တပ်ဖွဲ့ဝင် (၂၄) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းဝင်ရောက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ယနေ့ (နိုဝင်ဘာ ၂၇ ရက်) ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း KNLA က အသစ်ဖွဲ့စည်းထားတဲ့ ဗိုလ်မှူးကြီး ရန်နိုင် (ခ) စောနယ်ဒါးထူး ဦးဆောင်သည့် တပ်မဟာ (၉) သည် မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ တပ်ရင်း (၄) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး KTLA တပ်ဖွဲ့ဝင်များသည် KNLA တပ်မဟာ (၉) တပ်ရင်း (၁၂) ထံ ဘက်ပြောင်းဝင်ရောက်လာခြင်း ဖြစ်သည်။
KNLA မှ ဗိုလ်စောထီးမူး ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာ (၂၆) ရက်က KNLA ထံ ဘက်ပြောင်းဝင်ရောက်လာခြင်းဖြစ်ပြီး KTLA တပ်ရင်းတာဝန်ရှိသူနှင့် တပ်ခွဲ (၂) ခုအပါအဝင် တပ်သား စုစုပေါင်း (၂၄) ဦးသည် လက်နက် (၁၈) လက်နှင့်အတူ ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း KNLA တပ်မဟာ (၄) ထံ ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA မှ ထုတ်ပယ်ခံထားရသည့် ဆာကပေါ်တပ်ရင်းတစ်ခုလုံး လာရောက်ပူးပေါင်းခဲ့မှုများရှိခဲ့ပြီး ၎င်းနှင့်အတူ တပ်ဖွဲ့ဝင် (၂၅) ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။