ရိုဟင်ဂျာပြဿနာကို လူသားတစ်ဦး၏ ရှုထောင့်မှ ကြည့်ခြင်း

“ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်သင့်၊ မဖြစ်သင့်ဆိုတဲ့ ငြင်းခုံမှုတွေကြားမှာ လူသားရဲ့ တန်ဖိုးကို ပျောက်ကွယ်မသွားစေချင်ပါဘူး။ နိုင်ငံသားဖြစ်မှုဆိုတာ ဥပဒေနဲ့ နိုင်ငံရေးအရ ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ လူသားဖြစ်မှုဆိုတာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းခံစရာ မလိုတဲ့ အခြေခံအမှန်တရားတစ်ခုဖြစ်ပါတယ်”

နေအောင်

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတချို့ ရှိပါတယ်။ သူတို့ဟာ ဗမာစကားကို ရခိုင်ဒေသိယသံနဲ့ ပြောဆိုကြသူတွေပါ။ ဗမာစကားပြောသလို ဗမာစာလည်း တတ်ကြပါတယ်။ ကျောင်းမတတ်ဖူးတဲ့ ရိုဟင်ဂျာဆိုရင်တော့ ဗမာစကားပြောတတ်ပေမယ့် စာတော့ မတတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ဖူးသူတွေ ဘူသီးတောင်၊ မောင်းတော နဲ့ စစ်တွေမှာ ကျောင်းဆရာ၊ ဆရာမတွေ ကျန်းမာရေးဝန်ထမ်း လုပ်ခဲ့တဲ့သူတွေ ရုံးစာရေးတွေနဲ့လည်း ဆုံခဲ့ပါတယ်။

ဒုက္ခသည်စခန်းမှာ ကျောင်းဆရာတယောက်အဖြစ် ဆောင်ရွက်နေတဲ့ အသက် ၄၆ နှစ်အရွယ် ဇော်ဟိရ်အာမတ် (မြန်မာအမည် ဦးကျော်နိုင်) ဟာ တက္ကသိုလ်ဝင်စာမေးပွဲ (၁၀တန်း စနစ်ဟောင်း) ကို ၁၉၉၈ ခုနှစ်မှာ အောင်မြင်ခဲ့သူပါ။ သို့သော်လည်း သူဟာ နိုင်ငံသားကန့်သတ်ချက်တွေကြောင့် တက္ကသိုလ်ဆက်တက်ခွင့် မရခဲ့ပါဘူး။ မိဘနှစ်ပါးလုံးဟာ သုံးခေါက်ချိုး နိုင်ငံသား မှတ်ပုံတင် (NRC) ကတ်ကို ကိုင်ဆောင်ခွင့်ရခဲ့ပေမယ့် အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးရဲ့ သက်ရောက်မှုကြောင့် အဲ့သည်ကတ်တွေ သိမ်းဆည်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပြန်လည်ထုတ်ပေးခြင်း မရှိတော့ပါဘူး။

ကော့ဘဇားမှာ ဆုံခဲ့ရတဲ့ ရိုဟင်ဂျာတွေဆီကနေ သူတို့ရဲ့ လူမှုဘဝ၊ အတွေ့အကြုံနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကန့်သတ်ချက်တွေနဲ့ နေကြရတာဖြစ်သလို ဘင်္ဂလားဒေရှ့်မှာ ပိုပြီးတင်းကြပ်တဲ့ ကန့်သတ်ချက်တွေနဲ့ နေကြရပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေရတဲ့ အခြေခံအခွင့်အရေးတွေဟာ ရိုဟင်ဂျာတွေနဲ့ လုံးလုံးမဆိုင်ဘူးလို့ ကော့ဘဇားဒေသ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးဟာ မီဒီယာတွေနဲ့ အင်တာဗျုးမှာ ပြောဖူးပါတယ်။

ကော့ဘဇားက စစ်ဘေးရှောင်နေရာတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေရှ့် ဘယ်နေရာမှာမှ အလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး။ သတ်မှတ်ထားတဲ့ ကန့်သတ်နေရာကနေ ကျော်လွန်ပြီး သွားလာခွင့် မရှိကြပါဘူး။ သည့်ထက်ဆိုးတာတွေ ရှိပါသေးတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေ၊ ရိုဟင်ဂျာလူမျိုးတွေနဲ့ ဆုံခဲ့တဲ့အတွေ့အကြုံတွေကြောင့် ကျွန်တော် သဘောပေါက်လာတာတစ်ခုရှိပါတယ်။

ရိုဟင်ဂျာပြဿနာဟာ လူမျိုးရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ ငြင်းခုံမှုတစ်ခုတည်း မဟုတ်ပါဘူး။ လူသားတစ်စုရဲ့ ဖြစ်တည်မှု၊ အခြေခံအခွင့်အရေး၊ သမိုင်းနောက်ခံနဲ့ နိုင်ငံရေးအကျိုးစီးပွားတွေ ရောထွေးနေတဲ့ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခု ဖြစ်တယ်ဆိုတာကိုပါ။ အရင်ဆုံး သမိုင်းကြောင်းကို ပြန်ကြည့်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွေမှာ ရိုဟင်ဂျာအများအပြားဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး နိုင်ငံသားမှတ်ပုံတင်ကတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် Union Citizenship Act အရလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေအတွက် နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်တဲ့ လမ်းကြောင်းတွေ ရှိခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရိုဟင်ဂျာအများအပြားဟာ National Registration Cards (NRCs) ကိုင်ဆောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း နိုင်ငံသားဖြစ်မှုကို သတ်မှတ်တဲ့ စံနှုန်းတွေနဲ့ လက်တွေ့ အကောင်အထည်ဖော်ပုံတွေကြောင့် ရိုဟင်ဂျာအများအပြားရဲ့ နိုင်ငံသားဖြစ်မှု အခြေအနေဟာ အကြီးအကျယ် ထိခိုက်လာခဲ့ပါတယ်။

အထောက်အထားစာရွက်စာတမ်းတွေ ဆုံးရှုံးခြင်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးတွေနဲ့ ခွဲခြားဆက်ဆံခြင်းတွေကလည်း သူတို့ရဲ့ ဘဝကို ပိုမိုခက်ခဲစေခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဆွေးနွေးတဲ့အခါ နိုင်ငံသားဖြစ်ခွင့်ဟာ ဘယ်လိုသမိုင်းကြောင်းကနေ ပြောင်းလဲလာခဲ့သလဲ၊ အစိုးရအဆက်ဆက်ရဲ့ မူဝါဒတွေနဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘယ်လိုတာဝန်ရှိခဲ့သလဲ ဆိုတာကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပတ်သက်ပြီးလည်း အယူအဆတချို့ကို ခွဲခြားနားလည်ဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး။ အများစုကို မြန်မာနိုင်ငံက အတင်းအကျပ် နေရပ်စွန့်ခွာလာရသူများအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းနဲ့ လူမျိုးတစ်စုရဲ့ ဘာသာစကား၊ သမိုင်းနဲ့ ယဉ်ကျေးမှုဖြစ်တည်မှုကို အသိအမှတ်ပြုခြင်းဟာ မတူညီတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုကို ရောထွေးပြီး ဆွေးနွေးနေတာဟာလည်း ပြဿနာကိုပိုမိုရှုပ်ထွေးစေပါတယ်။

ကျွန်တော့်အမြင်အရ သူတို့အရေးကို ဆောင်ရွက်နေသူတချို့နဲ့ မြန်မာအစိုးရအဆက်ဆက်တို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားတွေကြားမှာ ရိုဟင်ဂျာပြည်သူတွေဟာ အကြိမ်ကြိမ် အသုံးချခံခဲ့ရပါတယ်။ သူတို့ရဲ့ အခွင့်အရေးနဲ့ ဒုက္ခတွေကို အမှန်တကယ် ဖြေရှင်းပေးဖို့ထက် နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေကြတာမျိုး ရှိ၊ မရှိကိုလည်းဝေဖန်ဆန်းစစ်ဖို့ လိုပါတယ်။

နောက်ထပ် စိုးရိမ်စရာကတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး လူထုအတွင်း ပျံ့နှံ့နေတဲ့ အမုန်းစကားနဲ့ ကြောက်ရွံ့မှုတွေပါပဲ။ သူတို့နဲ့ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေ၊ ချဲ့ကားထားတဲ့ သတင်းတွေ၊ လူမျိုးတစ်စုလုံးကို အန္တရာယ်ရှိသူတွေအဖြစ် ပုံဖော်ထားတဲ့ ဇာတ်ကြောင်းတွေကို အကြိမ်ကြိမ် ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီလို သတင်းစကားတွေကြောင့် လူထုအတွင်းမှာ ရိုဟင်ဂျာအားလုံးကို မကောင်းတဲ့သူတွေအဖြစ် တစ်စုတစ်စည်းတည်း သတ်မှတ်ပြောဆိုလာကြပါတယ်။

ပညာတတ်သူဖြစ်စေ၊ ပညာမတတ်သူဖြစ်စေ အဲဒီအမုန်းတရားထဲမှာ ပါဝင်သွားကြတာကိုလည်း တွေ့ရပါတယ်။ လူတစ်ဦးချင်းစီရဲ့ လုပ်ရပ်ကို လူတစ်ဦးချင်းစီအလိုက်သာ သုံးသပ်သင့်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူရှိရင် ဥပဒေနဲ့အညီ အရေးယူတာ လုပ်လို့ရပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူရှိရင်လည်း သက်သေအထောက် အထားနဲ့အညီ အရေးယူသင့်ပါတယ်။ ဒါပေမဲ့ လူတစ်ဦးရဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး လူမျိုးတစ်စုလုံးကို အပြစ်တင်တာ၊ အန္တရာယ်ရှိသူတွေအဖြစ် ပုံဖော်တာကတော့ တရားမျှတမှု မဟုတ်ပါဘူး။

ဒီနေရာမှာ ကျွန်တော်တို့ မမေ့သင့်တဲ့အချက်တစ်ခု ရှိပါတယ်။ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့လိုပဲ လူသားတွေ ဖြစ်ကြပါတယ်။ သူတို့မှာ မိသားစုတွေ၊ ကလေးတွေ၊ ပညာရေးမျှော်လင့်ချက်တွေ၊ လုံခြုံတဲ့ဘဝတစ်ခု တည်ဆောက်ချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုရှိနိုင်ပေမဲ့ အဲဒီအကြောင်းပြချက်နဲ့ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ငြင်းပယ်လို့ မရပါဘူး။

ကျွန်တော့အမြင်ကို အချက်ငါးချက်နဲ့ အနှစ်ချုပ်ချင်ပါတယ်။

၁။ ရိုဟင်ဂျာတွေဟာ လူသားတွေဖြစ်တယ်။ သူတို့ရဲ့ လူမျိုးဖြစ်တည်မှု၊ ဘာသာစကားနဲ့ နိုင်ငံရေးအမြင်တွေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လူသားတစ်ဦးအဖြစ် ရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေကို ငြင်းပယ်လို့မရပါဘူး။

၂။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကို လျစ်လျူရှုလို့မရပါဘူး။ အရင်က နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံခဲ့ရသူတွေ၊ အထောက်အထားတွေ ကိုင်ဆောင်ခဲ့သူတွေ ရှိခဲ့ပြီး နောက်ပိုင်း ဥပဒေ၊ အုပ်ချုပ်ရေး မူဝါဒနဲ့အကောင်အထည် ဖော်မှုတွေကြောင့်အခွင့်အရေးဆုံးရှုံးခဲ့ရသူတွေကိုလည်းသမိုင်း အထောက်အထား တွေနဲ့အတူ ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။

၃။ ရိုဟင်ဂျာတွေဟာ နိုင်ငံရေးအကျိုးစီးပွားတွေရဲ့ အသုံးချခံ မဖြစ်သင့်ပါဘူး။ သူတို့ကိုယ်စားပြုပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်ဆန်းစစ်နိုင်ရပါမယ်။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်နဲ့ သာမန်ပြည်သူတွေရဲ့ ဘဝကို ရောထွေးမထားသင့်ပါဘူး။

၄။ ရိုဟင်ဂျာအားလုံးကို မကောင်းတဲ့လူတွေအဖြစ် ပုံဖော်တာဟာ မတရားပါဘူး။ လူမျိုးတစ်စုလုံးကို ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ တစ်သားတည်း သတ်မှတ်ခြင်းဟာ လူမျိုးရေးခွဲခြားမှုနဲ့ အမုန်းတရားကို ပိုမို ကြီးထွား စေပါတယ်။

၅။ ပြဿနာကို ဖြေရှင်းရမယ့်အစား အမုန်းတရားတွေကို ပိုမိုဖန်တီးနေကြတာဟာ ဘာကောင်းကျိုးမှ မရှိပါဘူး။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ဆိုရင် သမိုင်းအမှန်၊ ဥပဒေ၊ လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကို အခြေခံပြီး ဆွေးနွေးဖို့လိုပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်သင့်၊ မဖြစ်သင့်ဆိုတဲ့ ငြင်းခုံမှုတွေကြားမှာ လူသားရဲ့ တန်ဖိုးကို ပျောက်ကွယ်မသွားစေချင်ပါဘူး။ နိုင်ငံသားဖြစ်မှုဆိုတာ ဥပဒေနဲ့ နိုင်ငံရေးအရ ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ လူသားဖြစ်မှုဆိုတာ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းခံစရာ မလိုတဲ့ အခြေခံအမှန်တရားတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် အရင်ဆုံး သူတို့ကို လူသားတွေအဖြစ် မြင်တတ်ဖို့ လိုပါတယ်။ အမုန်းတရားနဲ့ မဟုတ်ဘဲ သမိုင်းအမှန်၊ တရားမျှတမှုနဲ့ လူသားချင်းစာနာမှုကို အခြေခံပြီး စတင်ဆွေးနွေးကြဖို့ လိုပါတယ်။


#RedNewsAgency #REDNEWS #RNA #Rohingya

By Editor