RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်-မဘိမ်းလမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာရန် လုပ်ဆောင်ချိန် စစ်အုပ်စုက ကန့်သတ်ပိတ်ပင်ခဲ့ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယနေ့ (နိုဝင်ဘာ ၂၃ ရက်) အစီရင်ခံစာ ထုတ်ပြန်ထားသည်။
မိုးမိတ်မြို့နယ်အတွင်း၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် စစ်အုပ်စုတို့ကြား တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်-မဘိမ်းလမ်းမပေါ်ရှိ (၄) မိုင်ရွာ၊ (၅) မိုင်ရွာနှင့် (၇) မိုင်ရွာတို့မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ မိုးမိတ်-မဘိမ်းကားလမ်းပိုင်းတစ်လျှောက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့မှုများရှိခဲ့ပြီးနောက် (၄) မိုင်၊ (၅) မိုင်နှင့် (၇) မိုင်ရွာတို့၌ အခြေချတပ်စွဲခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုတပ်စွဲထားသည့် ယင်းကျေးရွာ (၃) ရွာမှ ဒေသခံပြည်သူများသည် တိုက်ပွဲအခြေအနေများကြောင့် နေရပ်စွန့်ခွာရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း စစ်အုပ်စုက ကန့်သတ်ပိတ်ပင်ခဲ့ကာ နိုဝင်ဘာ (၁၄) ရက် နံနက်ပိုင်းမှသာ (၇) မိုင်ရွာရှိ ဒေသခံပြည်သူများအား နေအိမ်များမှ ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် (၄) မိုင်ရွာနှင့် (၅) မိုင်ရွာတို့မှ ဒေသခံပြည်သူများအား ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရပြီး နိုဝင်ဘာ (၁၄) ရက်နှင့် (၁၇) ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် (၇) မိုင်ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း SHRF ၏ အစီရင်ခံစာအရ သိရသည်။
(၇) မိုင်ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကာ လူသားဒိုင်းအဖြစ် အသုံးချခံနေရသည့် ဒေသခံပြည်သူများ၏ အခြေအနေနှင့်ပတ်သက်၍ SHRF သတင်းပြန်ကြားရေးတာဝန်ခံကို Red News Agency မှ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။