RNA_အောက်တိုဘာ(၂၉)၊၂၀၂၆ခုနှစ်။
မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီး တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်း၌ မြဝတီမြို့တောင်ဘက် မင်းလက်ပံအနီး၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်အုပ်စုတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရသည်။
တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာအုပ်စု မယ့်ကိုးကင်းရွာအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကာ အသက် (၅၅) နှစ်အရွယ် ဒေသခံအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။




Photo : The Reporters / Suthiya Dongdee
တိုက်ပွဲပြင်းထန်နေသည့် မင်းလက်ပံရွာတစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းနယ်စပ်တစ်လျှောက်၌ ထိုင်းနယ်ခြားစောင့် အထူးတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် အောက်တိုဘာ (၂၇) ရက်က ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်ကလည်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ရှိနေသည်။
Red News Agency , Red News