မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။

မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

မြန်မာနယ်စပ်တိုက်ပွဲများနှင့် လက်နက်ကြီးပေါက်ကွဲမှုများကြောင့် ထိုင်းနယ်စပ် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။

မဲဆောက်ဒေသခံပြည်သူများက မဟာဝမ်ကျေးရွာအုပ်စု မယ့်ကွန်ကင်းကျေးရွာ စာသင်ကျောင်းရှေ့၌ ယနေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့်ကပ်လျက်ရှိသည့် ထိုင်းနယ်စပ်တစ်လျှောက် ဒေသခံပြည်သူများအား အရေးပေါ်ကာကွယ်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် နစ်နာသူမျာအတွက် အရေးပေါ်ဘဏ္ဍာရေး ထောက်ပံ့မှုပေးရန်၊ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဒေသခံများ ထိခိုက်မှုမရှိစေရေးအတွက် ကာကွယ်ပေးရန်၊ လက်နက်ကြီးဒဏ်ကာကွယ်ရေးစခန်းများနှင့် ဗုံးခိုကျင်းများ တည်ဆောက်ပေးရန်၊ တိုက်ပွဲကြောင့် အန္တရာယ်ဖြစ်ပေါ်လာနိုင်ပါက ကြိုတင်သတိပေးသည့် စနစ်များထားရှိရန်နှင့် နယ်စပ်တစ်လျှောက် တိုက်ပွဲများ ရပ်တန့်ရန် စသည့်အချက်များကိုလည်း တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ဆန္ဒထုတ်ဖော်သူများက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ရှိသူများက ကာကွယ်ပေးရန် လက်မှတ်ရေးထိုးတောင်းဆိုမှုများကိုလည်း မဲဆောက်မြို့နယ် အကြီးအကဲဖြစ်သူ Kanthaphong Phiphatmantrikul နှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

ကရင်ပြည်နယ် မြဝတီမြိုနယ်အနီးတဝိုက်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်အုပ်စုတို့ကြား ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်မှုများကြောင့် ထိုင်းဘက်ခြမ်း လက်နက်ကြီးကျည် ကျရောက်မှုနှင့် ထိခိုက်ပျက်စီးမှုများရှိနေခြင်း ဖြစ်သည်။

By RNA Editor