RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးသံတမန်လည်းဖြစ်သူ မာရီယာထရီဆာလာဇာရိုသည် အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) ၌ မြန်မာနိုင်ငံကို သွားရောက်ရန်ရှိကြောင်း ထိုင်းသတင်းဌာန Thai PBS ၌ ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင် အကူအညီပေးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုတာဝန်ရှိသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် နေပြည်တော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
လာဇာရို၏ အောက်တိုဘာ (၂၈ – ၂၉) နှစ်ရက်ကြာ ခရီးစဉ်၌ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိနေပြီး စစ်ရေးပဋိပက္ခ ကြုံတွေ့နေရသည့် နေရာများသို့ပါ လူသားချင်းအကူအညီများ တိုက်ရိုက်ပေးပို့နိုင်ရန် ဆွေးနွေးရန် ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနက ဖော်ပြထားသည်။
အာဆီယံအထူးသံတမန်အနေဖြင့် နေပြည်တော်ခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အစီအစဉ်ရှိ မရှိ မေးမြန်းမှုအပေါ် လက်ရှိအချိန်ထိ တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိသေးကြောင်း၊ တွေ့ဆုံခွင့်ရခဲ့ပါက အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ယခုလအစောပိုင်း၌ အင်္ဂလန်ချားလ်ဘုရင်မှ ပေးပို့သည့်စာနှင့် စာအုပ်များကို ဒေါ်အောင်ဆန်းစုကြည်ထံ စစ်အုပ်စုဘက်မှ ပေးပို့ခဲ့မှုနှင့်အတူ သူမ၏ သားဖြစ်သူနှင့် ပြီးခဲ့သည့် ရက်ပိုင်းက ဖုန်းမှတဆင့် စကားပြောဆိုခွင့် ခွင့်ပြုပေးခဲ့မှုသည် အပြုသဘောဆောင်သည့် တိုးတက်မှုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်က ပြောကြားထားသည်။
လာမည့် နိုဝင်ဘာလ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပမည့် မနီလာမြို့ အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးရန်ရှိနေပြီး ယင်း (၃) ရက်တာ ဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဝရုတ်ဝန်ကြီးချုပ် လီချန်း၊ အီန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ရန် ရှိနေကြောင်း သိရသည်။