RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ထောက်ပို့သင်္ဘော အစီး (၂၀) ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ရွှေကူမြို့နယ်မှ ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောများကို KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ယခု စက်တင်ဘာလအတွင်း စစ်အုပ်စု သင်္ဘော စုစုပေါင်း (၂၀) ခန့် ပျက်စီးခဲ့ကြောင်း KIA က ဆိုသည်။
စက်တင်ဘာ (၁၆) ရက် နံနက်ပိုင်းကလည်း ရွှေကူမှ တက်လာသည့် စစ်အုပ်စုထောက်ပို့သင်္ဘော (၃) စီးကို KIA ပူးပေါင်းတပ်များက ဇင်ဘုံရွာနှင့် စင်ခန်းတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စု တွဲတွန်းသင်္ဘော နစ်မြုပ်ခဲ့ပြီး ကျန်သင်္ဘော (၂) စီး ရွှေကူဘက်သို့ ပြန်လည်စုန်ဆင်းသွားကြောင်း သိရသည်။
ထို့ပြင် KIA သိမ်းယူထိန်းချုပ်ထားသည့် မံစီမြို့နယ် ဗန်းမော်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု အမှတ် (၃၁၉) ခြေမြန်တပ်ရင်း၊ အမှတ် (၆၀၁) ခြေမြန်တပ်ရင်းတို့ကို KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့နယ် ကောင်:ဂျာယန်ရွာအနီးက ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး စစ်အုပ်စုစစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း KIA က ဆိုသည်။
အင်အား (၁၀၀) ဝန်းကျင်ပါ စစ်အုပ်စုစစ်ကြောင်းသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် မံစီမြို့နယ်ရှိ အမှတ် (၅၂၃) အမြောက်တပ်ရင်းကို ခြေကုပ်ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း သိရသည်။
လက်ရှိ၌ ဗန်းမော်မြို့ရှိ စစ်အုပ်စုအထိုင်တပ်ရင်းများက မြို့အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးမှုများရှိနေပြီး လေကြောင်းမှလည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ် ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် လီဒီုလမ်းမကြီး လမ်းပိုင်းအချို့နေရာများနှင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တို့၌လည်း စစ်အုပ်စုနှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့များက အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။