RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိတ်ခေါ်ကြောင်း စက်တင်ဘာ (၁၆) ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များကို တရားဝင်နေရပ်ပြန်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန်အတွက် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် လာရောက်ရန် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ် စိတ်ကြိုက်ပြင်ဆင်ထားသည့် ၂၀၂၅ ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုအစိုးရကို အာဆီယံက အသိအမှတ်မပြုသေးသော်လည်း နေရပ်စွန့်ခွာသူများအရေးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အန်ဝါအီဘရာဟင်က ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ အာဆီယံမူဝါဒအတိုင်း မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်အရေးကိစ္စ ဘယ်သူနဲ့ ဆွေးနွေးရမလဲ။ ကျွန်တော် သူ့ကို (မင်းအောင်လှိုင်) ဖိတ်ခေါ်ထားပါတယ်။ မြန်မာနဲ့ မိတ်ဆွေတွေဖြစ်နိုင်တယ်။ မြန်မာနဲ့ ကုန်သွယ်မှု လုပ်နိုင်တယ်။ ဒါကြောင့် မြန်မာကို လက်ခံတာပါ။ ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့အနေနဲ့ ပြန်လည်လက်ခံရပါမယ်”ဟု အန်ဝါအီဘရာဟင်က စက်တင်ဘာ (၁၆) ရက် မလေးရှားဖက်ဒရယ်နိုင်ငံ တည်ထောင်သည့်နေ့ (Malaysia Day) Podcast အစီအစဉ်၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲကို အာဆီယံက လက်ရှိအချိန်ထိ အသိအမှတ်မပြုသေးဘဲ စစ်အုပ်စုထိပ်ပိုင်းတာဝန်ရှိသူများအား အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ထားဆဲဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူ (၁) သိန်းထက်မနည်း သေဆုံးခဲ့ပြီး စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် မလေးရှားသို့ သွားရောက်မည်ဆိုပါက အာဆီယံနိုင်ငံတွင်း (၅) နိုင်ငံမြောက် ခရီးစဉ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး အစောပိုင်းက လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့လည်း တရားဝင်ခရီးစဉ်များ သွားရောက်ထားသည်။