စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူများကို ပစ်မှတ်ထားသည့်အပြင် ဘာသာရေးခေါင်းဆောင်များကိုပါ ပစ်မှတ်ထားသည့် အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီ (၆) ရက်နေ့ကလည်း ဝက်လက်မြို့နယ် ရေသောက်ကန်ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို (၃) ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါသည်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရေသောက်ကန်ရွာမှ (၃)ဦး ထိခိုက်ပြီး ပေါက်ကန်ကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း CDM ဆရာမ (၁)ဦး အပါအဝင် (၃) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

 

ရေသောက်ကန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် ဖိုခနောက်ဆိုင် တည်ရှိနေသော ရေသောက်ကန်ကျေးရွာ၊ ပေါက်ကန်ကျေးရွာ၊ ညောင်ပင်ကြီးတောကျေးရွာများမှ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

#RNA #REDNEWS #RedNewsAgency

By RNA Editor