RNA_စက်တင်ဘာ(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလောင်း (၄) လောင်းနှင့်အတူ လက်နက် (၅) လက်လည်း သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်လက်အောက်ခံ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့်စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာ (၂) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံတပ်များကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် Zoland PDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနှင့် မူးယစ်ဆေး အမျိုးအစား (၃) မျိုးတို့ ပါဝင်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းများအား နေ့စဉ်ပြုလုပ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သည်။ စစ်ကော်မရှင်သည် ကလေးခရိုင်အတွင်း အိန္ဒိယ နိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့များအား ယခုနှစ် ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များသည် ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်လက်အောက်ခံများ စုပေါင်းထားသည့် စစ်ကြောင်းသည် ဩဂုတ် (၆) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုင်ခိုက်လာခြင်းဖြစ်ပြီး ဩဂုတ်လ (၁၅) ရက်တွင်လည်း စစ်ကော်မရှင်လက်အောက်ခံများထဲက သုံ့ပန်း (၁) ဦး၊ အလောင်း (၃) လောင်းနှင့် လက်နက်မျိုးစုံ (၁၀) လက် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
#RedNewsAgency #RNA #REDNEWS