RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ရဲဘော် ပေါက်စ(ခ)စွမ်းထက်အောင်၊ ရဲဘော် တရုတ်လေး(ခ)ရဲနောင်၊ ရဲဘော် လင်းယုန်(ခ)အေးမင်းအောင် နှင့် ရဲဘော်မြွေဟောက်(ခ)ပြည့်ပြည့်မောင်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဩဂုတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီး အထိနာသည့်အတွက် နောက်ပြန်ဆုတ်ကာ မြင်းခြံမှ တပ်အင်အားများဖြည့်တင်းပြီး နွားထိုးကြီးမြို့နယ်၊ ကံလျှားရှည်ကျေးရွာ၊ ချင်းယား+လက်သမားကန်ကျေးရွာနှင့် လက်ဝဲ+မြင်းနီကျေးရွာအနောက်ဘက် တောတိုက်အတွင်း ရောက်ရှိနေသည်ဟု သတင်းကြားသည့်အတွက် ဩဂုတ်လ ၂၃ ရက်နေ့က မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများပူးပေါင်း၍ စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြသည့်တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးရပြီး ရဲဘော် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်နှင့် ပျူများပူးပေါင်းပြီး မြင်းခြံမြို့မှ အရှေ့ဘက်အတိုင်း စစ်ကြောင်းထိုးလာစဉ် ဩဂုတ်လ ၂၀ ရက်နေ့က မာန်လည်ကျေးရွာအရောက် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းနှင့်အတူ မဟာမိတ်တပ်ရင်းများ ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် စစ်ကော်မရှင်လက်အောက်ခံများ မျက်မြင် ၁၀ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း MA-11 (၂)လက် နှင့် ဆက်စပ်ပစ္စည်းများ၊ Drone Shooter (၁)လက်၊ ငါးကြင်းမြီးပြောင်းပို (၁)ချောင်း၊ လက်ပစ်ဗုံး (၃)လုံး၊ Mini Star Link (၁)လုံးနှင့် ကျပ်ငွေတစ်ချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီးနောက် မာန်လည်ကျေးရွာကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကာ မာန်လည်ကျေးရွာ၏ အနောက်မြောက်ရှိ ကံလျှားရှည်ကျေးရွာနှင့် မြောက်ဘက်ရှိ သဲတောကျေးရွာများသို့ ပြန်လည်ဆုတ်ခွာသွားပြီး သဲတောကျေးရွာမှ ပြည်သူ့နေအိမ်များအား ထပ်မံ မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းနောက် ဩဂုတ်လ ၂၃ ရက်နေ့ လက်ဝဲ+မြင်းနီကျေးရွာရှိ ပြည်သူ့နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA