Red News / Fact Check
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြေအောက်ဆေးရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများသည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားသည့်အကြောင်းအရာ၊ တော်လှန်ရေးအင်အားစုများ သိက္ခာကျစေမည့်အကြောင်းအရာ၊ ငွေကြေးအလွဲသုံးစား လုပ်ဆောင်နေသည် စသည့်အကြောင်းအရာတို့ဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် အင်တိုက် အားတိုက်ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီလော်ဘီ ဝါဒဖြန့်မှု
—————————
မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီများဖြစ်သော အကုန်သိချန်နယ်နှင့် မှိုင်းဝေချန်နယ်တို့မှစတင်ကာ အလှူခံထားသောငွေနှင့် ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချိထားမှုကို တွေ့ရှိရသည်။ ၎င်းတို့ တင်ထားသောပို့စ်ကို တစ်နေ့တည်းမှာပင် စစ်ကောင်စီလော်ဘီ ချန်နယ် (၁၇) ခုကနေ ထပ်မံဖြန့်ချိခဲ့ကြပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီလော်ဘီချန်နယ် (၄) ခုကနေ ထပ်မံဝါဒဖြန့်ခဲ့ကြသည်။ အကုန်သိချန်နယ်မှ ဖြန့်ဝေသော မြေအောက်ဆေးရုံနှင့်ပတ်သက်သောဝါဒဖြန့်ပို့စ်ကို ကြည့်ရှုသူ တစ်သောင်းတစ်ထောင်ကျော် ရှိခဲ့သည်။
မှိုင်းဝေချန်နယ်၏ မဟုတ်မမှန်ဝါဒဖြန့်ချိမှုကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ သုံးသောင်းခွဲကျော်ကြည့်ရှုသည့်ကို တွေ့ရှိခဲ့ရပြီး အခြားဖြန့်ဝေထားသော ဘညွှန့်ချန်နယ်တွင် တစ်သောင်းခြောက်ထောင်ကျော်၊ ကကဟန် ချန်နယ်တွင် လေးထောင်နှစ်ရာကျော်အပါအဝင် စစ်ကောင်စီလော်ဘီများဖြစ်သော ဆင်ဖြူရှင်၊ D.I Thameedaw၊ ရွှေဘစသည်တို့တို့တွင် ဓာတ်ပုံအတုများသုံးကာ NUG ၏ ဒေါ်လာ ၄ သိန်းတန် မြေအောက်ဆေးရုံ၏ အပြင်အဆင်ဓာတ်ပုံများဟုဆိုကာ ဓာတ်ပုံနှစ်ပုံဖြင့် ဖြန့်ဝေခဲ့ကြသည်။
ဝါဒဖြန့်ချန်နယ်လင့်
အကုန်သိ – http://archive.today/EcVa2
မှိုင်းဝေ – http://archive.today/PCz80
ဓာတ်ပုံ စိစစ်ချက်
—————–
စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်ထားသည့် ဓာတ်ပုံအား Google Reverse Image search ဖြင့် ရှာဖွေကြည့်သောအခါ ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်ရှိ Mount Isa Underground Hospital & Museum ၏ ဓာတ်ပုံများဖြစ်ကြောင်းကို တွေ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၏ ပထမဆုံးသော မြေအောက်ဆေးရုံအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သမိုင်းနောက်ခံအကြောင်းအရာများကို စစ်ရေးနှင့် ဆေးဘက်သက်ဆိုင်ရာ ပစ္စည်းများနှင့်တကွ ပြသထားသော Mount Isa ပြတိုက်တစ်ခု အဖြစ် ရှိနေပါသည်။
တွေ့ရှိချက်လင့် – http://archive.today/keoLl
သတင်းစိစစ်ချက်
—————–
လေကြောင်းဗုံးကြဲဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံ၊ ဆေးခန်းများကို တည်ဆောက်မည်ဟု ၂၀၂၅ခုနှစ် မေ ၂၆ တွင် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ NUG အနေဖြင့် မြေအောက်ဆေးရုံနှစ်ရုံကို ဆောက်လုပ်နေကြောင်း၊ ရှစ်ရုံအထိဆောက်လုပ်ရန်ရည်ရွယ်ထားကြောင်းနှင့် ဆေးရုံဆေးခန်းတည်ဆောက်မည့် ကမ်ပိန်းသတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ရရှိထားဟု ဇွန်လ ၂၅ တွင် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်မှ ထုတ်ပြန်ပြောဆိုခဲ့သည်။
Radio NUG’s Post – http://archive.today/RlFTF
Ayeyarwaddy Times’s Post – http://archive.today/tNFvH
ဆက်စပ်အကြောင်းအရာ တွေ့ရှိချက်
———————————
ဦးနေဘုန်းလက် ပြောဆိုမှုအပြီး ဇွန် ၂၆ တွင် စစ်ကောင်စီလက်ဝေခံ တယ်လီဂရမ်လော်ဘီချန်နယ်များက ပုံအမှားများကို အသုံးပြုကာ NUG ၏ မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား စတင်ဖြန့်ချိလာကြခြင်း ဖြစ်သည်။ မြေအောက်ဆေးရုံကိစ္စကို အခြေခံပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေအတွင်းရှိ ဆေးရုံဆေးခန်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စေရန် စစ်ကောင်စီအား တိုက်တွန်းလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။
ဇွန်လ ၂၅ရက်နေ့တွင် စစ်ကောင်စီလော်ဘီချန်နယ်တစ်ခုဖြစ်သည့် D.I Thameedaw အကောင့်မှ ကျောက်မဲဆေးရုံအား ဗုံးကြဲရန်တိုက်တွန်းထားခြင်းနှင့် မြင်းခြံမြို့နယ်ဘက်ရှိ ခံစပ်ကုန်းဆေးရုံအားဗုံးကြဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် အားရကျေနပ်ကြောင်း ဖော်ပြမှုများရှိခဲ့သည်။
D.I Thameedaw –
http://archive.today/RejW4
http://archive.today/BhFIj
သုံးသပ်ချက်
————
စစ်ကောင်စီလော်ဘီများအနေဖြင့် မဟုတ်မမှန် သတင်းမှားများဖြင့် ဝါဒဖြန့်ချိရေးကို တယ်လီဂရန်ချန်နယ်တွင် အများဆုံးအသုံးပြုလုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် NUG အကြီးအကဲပိုင်းများ၏ လှုပ်ရှားမှုများအားပုံမှန်စောင့်ကြည့်ကာ ထိုလှုပ်ရှားမှုများအပေါ်အခြေခံကာ လှောင်ပြောင်သရော်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေရန် ငွေးကြေးလိမ်ညာမှုအဖြစ် လည်ကောင်း၊ တော်လှန်ရေးတစ်ရပ်လုံးအား လူအထင်သေးစေရန် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားမှုများအဖြစ်လည်းကောင်း၊ တော်လှန်ရေးတပ်များ ထိခိုက်ကျဆုံးမှုများနေကြောင်းကို စိတ်ဓာတ်စစ်ဆင်ရေးဖော်ပြချက်အတုများအနေဖြင့် စသည်တို့ကို သတင်းအတု၊ သတင်းအမှားများ၊ ပုံဖျက်ဖန်တီးထားသောအကြောင်းအရာများကို နေ့စဉ်နှင့်အမျှ ဝါဒဖြန့်ချိနေသည်။
NUG၏ မြေအောက်ဆေးရုံနှင့် ပတ်သက်ပြီး စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုကို အနှစ်ချုပ်သုံးသပ်ကြည့်ပါက စစ်ကောင်စီလော်ဘီအကောင့်များသည် အကြောင်းအရာသက်ဆိုင်ခြင်းမရှိသည့် ဓာတ်ပုံများကိုအသုံးပြု၍ Disinformation အဖြစ် သတင်းအချက်အလက်မှားများကို ရည်ရွယ်ချက်ရှိရှိဖော်ပြကာ သတင်းတုသတင်းမှားများကို အင်အားသုံးဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။
#RedNewsAgency #REDNEWS #RNA #FactCheck