အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။

အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။

 

ကာမိုင်း-ဖားကန့် လမ်းကြောင်းအတိုင်း စစ်ကောင်စီတပ်စစ်ကြောင်းများ အင်အားထပ်မံဖြည့်တင်းလာနိုင်သည့်အတွက် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ကြောင်း၊ ယမန်နေ့ကလည်း လုံးခင်းရဲစခန်းတွင် (၁၅) မိနစ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူများအနေဖြင့် လုံးခင်းယမ်းချက်ရုံနှင့် နီးသည့်နေရာများ အထူးသတိထားနေထိုင်ကြရန်လည်း ပြောပြထားသည်။

စစ်ကောင်စီတပ်သည် ဖားကန့်၏ ဝင်ပေါက်ထွက်ပေါက်များကို အရပြန်ယူရန် ရည်ရွယ်ပြီး စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိ ကာမိုင်း-ဖားကန့်လမ်းကြောအား လက်လွတ်ခဲ့ရသည့်အတွက် ပြည်သူများ စစ်ဘေးအတွက် ကြိုတင်ပြင်ဆင် ရှောင်ထားသင့်ကြောင်း၊ စစ်ကောင်စီတပ်သည်ဖားကန့်၌ ရှေ့တန်းတပ်မ(၃၃)၏ ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်၊ ကံဆီးဗျူဟာ၊ မဇွပ်ယန်အချုပ်ထောင်၊ လုံးခင်းမျောက်ကုန်းရဲကင်း၊ ဖားကန့်ရဲစခန်း၊ တရုတ်ဘုံကျောင်းအထက် ဘုရားပေါ်တွင် ဖားကန့်ဗျူဟာကုန်းမှ ရှေ့ကင်းထုတ်ထားသည့် ရှေ့ကင်းစခန်းတို့ရှိသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor