ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။

ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။

အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင် (အချိုးကျ/အလှည့်ကျ) (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဖြန့်ဝေထားသည့် စာတွင် တွေ့ရှိရသည်။

 

ယောဒေသအရန်အင်အားစုအဖြစ် အခြေခံစစ်ပညာသင်တန်းတက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ရှိသူများမှာ ဆွံ့အနားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ စိတ်ရူးနှမ်းပေါ့သွပ်သူများ၊ ကိုယ်ဝန်ဆောင်နှင့် (၂) နှစ်အောက် ကလေးနို့တိုက်မိခင်များ၊ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း အသက်၊ ကိုယ်လက်အင်္ဂါပေးဆပ်ထားရသူ မိသားစုဝင်များစသဖြင့် (၆) ချက်သတ်မှတ်ထားသည်။

ယောဒေသအရန်အင်အားစုများထဲတွင် ပုံတောင်ပုံညာနှင့် ချင်းတောင်တန်းကြား ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ ကျော ဒေသများရှိ ပြည်သူများပါအဝင်သည်ဟု သိရသော်လည်း ယခုအသိပေးစာကို ထုတ်ပြန်ဖြန့်ဝေထားသည်မှာ ကျောက်ထုဒေသတွင်းတခုသာ ဖြန့်ဝေထားခြင်းဖြစ်ကြောင်း၊ ယောတပ်တော် (YA)သည် ကျောက်ထုဒေသတွင်း အဓိက အင်အားကောင်းသည့် တပ်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor