ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

Written by

in

RNA_မတ်(၆)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး (၈) ရက်အကြာစစ်ရေးတင်မာမှုအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger (MBT) ဌာနချုပ်စခန်း စွန့်ခွါလိုက်ရပြီဖြစ်ကြောင်း သိရသည်။

“မတ်လ ၅ရက်နေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မိမိတပ်အနေဖြင့် ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ၏ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် မိမိတို့ ဌာနချုပ်တပ်စခန်းအား ရန်သူ့ထံဆုံးရှုံးခဲ့ရသော်လည်း ၎င်းတိုက်ပွဲတွင် ရန်သူ (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့သည့်အတွက် မိမိတို့တပ်အနေဖြင့် ကျေနပ်မိသည်” ဟု Myingyan Black Tiger က ထုတ်ပြန်ပြောကြားထားသည်။

MBT တပ်ဖွဲ့နှင့် မဟာမိတ်များမှ ပူးပေါင်းတိုက်ထုတ်နိုင်ခဲ့သော်လည်း ထွက်ပြေးသွားရသော စစ်ကြောင်းမှ တပ်အင်အား ဖြည့်တင်းကား အလုံးအရင်းဖြင့် စစ်ကြောင်းပြန်ထိုးပြီး ရေစကြိုမြို့နယ်ရှိ မင်္ဂလာခြံရွာ၊ မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာတို့ကို မီးရှို့ဖျက်စီးပြီးနောက် မတ်လ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ဌာနချုပ် တပ်စခန်းအား ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်​ပြထားသည်။

Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ဌာနချုပ် တပ်စခန်းအား ဆုံးရှုံးခဲ့ရသော်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အပစ်မဲ့ ​ရဟန်းသံဃံာနှင့် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးခဲ့ရမှုများအတွက် ထိုက်တန်သည့် သွေးကြွေးအား MBTတပ်ဖွဲ့မှ ပြန်လည်းရယူနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ရေစကြို ပြည်သူလူထုအား ကတိပြုထားသည်။

#RedNewsAgency #REDNEWS #RNA