နွေဦးတော်လှန်ရေးသည် လူမှုလူတန်းစားအားလုံး အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်သည်ဟု ဒူဝါလရှီးလ ပြော

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။

နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သလို၊ လူမျိုးရေးအရလည်း လွတ်မြောက်ရေး ဖြစ်သည့်အပြင် လူမှုလူတန်းစားအားလုံးဟာ အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်သည်ဟု (၇၈) ကြိမ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

“လက်ရှိ နွေဦးတော်လှန်ရေးဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရယ်လို့ ခွဲခြား တော်လှန်နေတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးစုအားလုံး၊ ပြည်သူလူထုအားလုံး/ နိုင်ငံသားအားလုံး လွတ်မြောက်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သလို၊ လူမျိုးရေးအရလည်း လွတ်မြောက်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုလူတန်းစားအားလုံးဟာ အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ – နိုင်ငံသားအားလုံးဟာ လက်နက်နဲ့ ဖိနှိပ်ခံရတဲ့ ဘေးဒုက္ခကနေ အလုံးစုံ လွတ်မြောက်ရေးဖြစ်ပါတယ်၊ လိုရင်းချုပ်ပြီး ပြောရရင် ကျွန်တော်တို့ အားလုံးဟာ “ကြောက်ရွံ့မှုကနေ လွတ်မြောက်ရေး” ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဖြစ်ပါတယ်” ဟု ၄င်းက ပြောကြားထားသည်။

နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနှင့် တောင်တန်းအကြား တော်လှန်ရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေးကို အလိုရှိသည့်အပြင် တိုင်းရင်းသား လူမျိုးစုအားလုံး ပေါင်းစည်းဖွဲ့တည်ထားသော မဟာမိတ်စစ်ရေး တပ်ပေါင်းစုကြီး ပေါ်ပေါက်ရန်အတွက်အားလုံး မျှော်လင့်ထားကြသည်ဟု စသဖြင့် ပင်လုံစာချုပ်အကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပျက်ခဲ့မှု စသည်တို့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

#RedNewsAgency #REDNEWS #RNA #Burma

By RNA Editor