RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။
ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှုနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဇန်နဝါရီလ (၁) လတာလုံး နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး မိုးဗြဲမြို့အတွင်း ဝင်ရောက်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေးတပ်များက ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန်ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး တိုက်ပွဲများဆက်၍ ဖြစ်ပွားနေဆဲဲဲဲဲဲဲဲဲဲဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများရှုံးနိမ့်နေသည့်အတွက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်နေသည့်အထဲတွင် ကရင်နီပြည်လည်း ပါရှိပြီး ဇန်နဝါရီလအတွင်း ကရင်နီပြည်နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၃၀)ကြိမ်နှင့်အထက် ပြုလုပ်ခဲ့သည်ဟု KNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အရပ်သားပြည်သူ (၇)ဦးသေဆုံးခဲ့ရပြီး၊ ကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦး အပါအဝင် အရပ်သားပြည်သူ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ (၁)လတာအတွင်း စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် (၁)ဦး၊ တပ်သား (၉)ဦးတို့သည် သေနတ် (၇)လက်နှင့်အတူ KNDF သို့ ဘက်ပြောင်းခိုလှုံမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA