၂၀၂၅ ခုနှစ်သည် NUGအတွက် ပြုပြင်ပြောင်းလဲရေး စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော

RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။

၂၀၂၅ ခုနှစ်သည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်သည်ဟု ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “အားသာချက်တွေကို ပိုမိုကောင်းမွန်အောင် ကြိုးစားကြ ရမှာဖြစ်ပြီး၊ အားနည်းချက်တွေကိုလည်း ထိထိရောက်ရောက် ပြင်ဆင်ကြရင်း တော်လှန်ရေး ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးဆက်ကြတဲ့အခါ အထူးသတိချပ်ကြရမှာက တော့ ၂၀၂၅ ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေး ခေါင်းလောင်းထိုးနေတဲ့ နှစ်ဆိုတာပါပဲ။ ဒါ့ကြောင့် ခပ်သွက်သွက် ခရီးနှင်ကြရမယ့် နှစ်ဖြစ် ကြောင်း ပြောကြားလိုပါတယ််” ဟု ပြောကြားခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor