စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ

RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းနှင့် ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ် အစပ်ရှိ ရွှေစက်တော်ဘုရားအနီးတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့် ကြိုတင်ခံစစ်ပြင်နေပြီး ခရီးသွားပြည်သူများကို ပေါ်တာဆွဲ အဓမ္မတပ်သားသစ်များ စုဆောင်းနေသည့်အတွက် ပြည်သူများ ရွှေစက်တော်ဘုရားအနီး မသွားလာကြရန် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ယနေ့ မေတ္တာရပ်ခံထားသည်။

မန်းရွှေစက်တော်ဘုရားအနီး ကျေးရွာများဖြစ်သေသာ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးမြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ ပစ္စည်းများကို လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများ၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခံရသော ဒေသခံများကို မိုင်းကွင်းဖြတ်ခိုင်းခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ် ကျေးရွာများဘက် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ တစ်ထောင်ကျော် စစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် မင်းဘူးခရိုင်အတွင်းမှ ပုသိပ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းများတွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် အသုံးမပြုကြရန်နှင့် စစ်ရေးအနေအထားအရ မန်းရွှေစက်တော်ဘုရားအနီး ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက မေတ္တာရပ်ခံထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor