အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။

ဆက်လိုက်တိုက်ပွဲပြင်းထန်နေသော ဂွမြိုတွင် စစ်ကောင်စီ၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် တိုက်ပွဲပြင်းထန်နေပြီး၊ ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထားနိုင်ကြောင်း၊ ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း၌ ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် ဖြစ်လာခဲ့ကြောင်း၊ ယခင်သိမ်းပိုက်ထားနိုင်သည့် (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်သည်။

အာရက္ခတပ်တော်၏ အောင်မြင်မှုများသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာ မဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ပါသည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို့ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ ဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများကလည်း များစွာအထောက်အကူပြုခဲ့သောကြောင့် ဤအောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက်နေသော သူများအားလုံးကို အထူးအလေးအနက်ထား မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor