RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။
ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။
“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကို ခြေလျင်ပြေးလာကြရင်း ဖမ်းဆီးရမိတာပါ။ အမ်း နပခထဲမှာရှိတဲ့ တပ်ရင်း ခမရ တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေက ရှေ့တန်းစခန်းတွေမှာဖြစ်ဖြစ် ကိုယ်နေထိုင်ရတဲ့ စခန်းတွေမှာဖြစ်ဖြစ် အခွင့်သာရင် ဒီလိုပြေးလာတာမျိုးတွေ ရှီတယ် ဒါတွေကိုပဲ ဖမ်းဆိးရမိတဲ့အခြေအနေမျိုးလောက်ပဲ ရှိပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။
ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းအစပ် မင်းဘူးခရိုင်အတွင်းရှိ အမ်း-ပဒါန်းလမ်းနှင့် ပဒါန်း၊ ငဖဲမြို့နယ်များတွင်လည်း စစ်ကောင်စီလက်အောက်ခံများ ကြားဖြတ်တိုက်ခိုက်ခံရမှုများရှိကြောင်း၊ အမ်းမြို့နယ်သို့ ရိက္ခာသွားပို့သည့် မကွေးတိုင်းအတွင်းမှ စစ်ကောင်စီလက်အောက်ခံများလည်း ကြားဖြတ်တိုက်ခိုက်ခံရမှုရှိကြောင်း သိရသည်။
#RedNewsAgency #RNA #REDNEWS