၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PSLF/TNLA) မှ တပ်မတော်သားများနှင့် ပူပေါင်းတပ်မှအသက်ပေးလှူသွားသူများအားရည်စူး၍ ယနေ့ အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို တိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဉ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါသည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ( ၁၀၂၇ စစ်ဆင်ရေး) သည် ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီ‌နောင်မဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲ‌သော စစ်ဆင်ရေးလည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #RNA

By Editor