စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းတိုက်ခိုက်စဉ် တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး-ထိန်စမ်းလမ်းမှစတင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းနှင့် ထိန်စမ်းကျေးရွာ၏တောင်ဘက်၊ ရွာမကျေးရွာအနီးစသည်တို့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်အထိနာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာနှင့်ရွာမကျေးရွာအနီးတဝိုက်ကို အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးခဲ့ရာ ၂၆ ရက််၊၂၇ ရက်များတွင် ရွာမကျေးရွာအတွင်း နေအိမ် (၂၀) ကျော်ကို မီးရှို့ခဲ့ခြင်း၊ နရွဲတောကျေးရွာ အတွင်းဝင်ရောက်စီးနင်းပြီး နေအိမ် (၃၃) အိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု Chauk Revolution Army ကထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်အထိနာသည့်အတွက် ကျေးရွာများကို မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်အတွက် “လေကြောင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်(၃)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်နေသော ပြည်သူ(၂)ဦး သေဆုံးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချောက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို Chauck Revolution Army(CRA)၊ သရက်ခရိုင်တပ်ရင်း (၅)၊ ညောင်ဦးခရိုင် တပ်ရင်း (၄)၊ အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့၊ မကွေးခရိုင် တပ်ရင်း(၁)၊ မကွေးခရိုင် တပ်ရင်း(၂)၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖ၊ ပခုက္ကူပကဖတို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #RNA

By RNA Editor