ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

RNA_စက်တင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံတွင် စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ မရှိတော့သည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များက ထိန်းချုပ်ပြီး ရေလှောင်တမံ ကျိုးပေါက်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း ပြည်သူများ ရေဘေးမကြုံရရေးအတွက် နေ့စဉ်ထိန်းညှိ လုပ်ဆောင်နေသည်ဟု သိရသည်။

 

စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂမုန်းရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်အထက် ရောက်ရှိကာ တမံကျိုးပေါက်နိုင်သည့် အခြေအနေကို ရောက်ရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် တမံကျိုးပေါက်မှု မရှိစေရေးအတွက် ပင်မရေထိန်းတံခါးမှ ထိန်းညှိ၍ ရေလွှတ်ခြင်း၊ ရေပိုလွှဲမှ ရေစီးဆင်းမှုကောင်းစေရန် အမှိုက်ရှင်းခြင်း၊ တမံကြံ့ခိုင်မှုအား စစ်ဆေးခြင်းများ နေ့ညမပြတ် လုပ်ဆောင်လျှက်ရှိသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ကထုတ်ပြန်ထားသည််။

 

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက ပြည်သူ့များ၏ အသက် အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ဂမုန်းရေလှောင်တမံ မကျိုးပေါက်စေရန် ထိန်းသိမ်းဆောင်ရွက်နေသောကြောင့် ဂမုန်းရေလှောင်တမံနှင့် ပတ်သတ်၍ ပြည်သူများ မစိုးရိမ်ကြရန် အသိပေးထားသည်။

#RedNewsAgency #RNA

By Editor