ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၄) ဦးကျဆုံးခဲ့ရကာ အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကိုယ် ကယ်ထုတ်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
 
ဩဂုတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် မြို့တွင်းပိတ်မိနေသည့် ပြည်သူများနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီပဲယင်းမြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နိုင်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် လေကြောင်းအသုံးပြုအင်အားဖြည့်တင်းခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်များဆုတ်ခွါခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၂၂) လက်၊ ကျည်မျိုးစုံ (၄၉၀၀) ခန့်၊ ဗုံးသီးမျိုးစုံ (၅၇) လုံး၊ မိုင်းမျိုးစုံ (၂၀) လုံး၊ ကျည်အိမ် (၈) ခုနှင့် ငွေကျပ် သိန်း (၃၄၀) ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့အား ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96 Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဩဂုတ်လ (၁၅) ရက်နေ့ ညနေ (၈) နာရီ (၃၀) မိနစ်မှာ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၁၈) ရက်နေ့ နံနက် (၄) နာရီချိန်တွင် မြို့ကို အောင်မြင်စွာသိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွါခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
 
#RedNewsAgency #RNA
By Editor