ပုသိမ်- မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံး

RNA_ဇူလိုင် (၁၈)၊၂၀၂၄ ခုနှစ်။ 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်–မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က တိုင်တားကျေးရွာမှ ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဉ်အား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၂၁ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံးခဲ့သည်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကားရှေ့ခန်းမှ လိုက်ပါလာသော သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ဗိုက်၊ပေါင်၊ လက်မောင်း ၃ နေရာထိမှန်ပြီး မင်းတုန်းဆေးရုံမှာ မနိုင်သည့်အတွက် သရက်ဆေးရုံသို့ အခြား ဒဏ်ရာရ စခများနှင့်အတူ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပို့ဆောင်ကုသနေပြီးနောက် အဆင်မပြေသည့်အတွက် ယနေ့ နေ့လည်ပိုင်းတွင် မကွေးဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။ 

မင်းတုန်းမြို့နယ် ပကဖ ရဲဘော်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပုသိမ် – မုံရွာလမ်းပေါ်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် မြင်ကွင်း။

“ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ ဒုဗိုလ်မှူးကြီးက အရင်တုန်းက မင်းတုန်းမြို့ရဲ့ အနော်ကဖက် အထွက် ရခိုင်ရိုးမကိုကာတဲ့ ဂိတ်မှာ စစ်ကြောင်းမှူးအနေနဲ့ တာဝန်ကျခဲ့တာပေါ့။ အဲကနေမှ ရာထူးတိုးနဲ့ ဒုဗိုလ်မှူးကြီးဖြစ်ပြီးတော့ သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌအနေနဲ့ တာဝန်ကျလာတဲ့သူလို့ သိထားပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုများမှာ –မင်းတုန်းမြို့နယ် ပ.က.ဖ၊ မင်းလှမြို့နယ် ပ.က.ဖ၊ မကွေးမြို့နယ် ပ.က.ဖ၊ United States Of Burma Army – USBA၊ West River Army -WRA၊ Key Of Revolution Guerrilla Force ရဲဘော်များဖြစ်သည်ဟု Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) ထံမှ သိရသည်။

#RedNewsAgency

By Editor