မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

“ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်”

ချမ်းမင်း – Wiper

ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။

တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က တူမီးနဲ့စခဲ့တဲ့ တိုင်းရင်းသားညီကိုတွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုတွေ၊ ခုခံမှုတွေကို တောက်လျှောက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ ရှမ်းမြောက်က မန္တလေး PDF ဆိုတဲ့တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အလယ်ပိုင်းလောက်မှာသာ စတင်သတိပြုမိတယ်လို့ဆိုနိုင်ပါတယ်။ ထိုစဥ်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက် မန္တလေး PDF ရဲ့ သင်တန်းဆင်းပွဲဆိုတဲ့ video file တစ်ခုတက်လာပြီး တကယ့်စစ်ပုံကျတဲ့ စစ်ရေးပြတွေ၊ ရဲဘော်တိုင်းမှာ လက်နက်ကိုယ်စီနဲ့ ညီညာစွာ စစ်ရေးပြသွားတာတွေကို အခုထိမှတ်မိနေဆဲပါ..။

အဲ့ဒီ Video file လူမူကွန်ယက်ပေါ်ပျံ့နှံ့လာပြီးနောက်ပိုင်းကစလို့ မန္တလေးPDF ဟာ မဟာမိတ်ညီနောင်တပ်ဖွဲ့တွေ နဲ့ပူးပေါင်းပြီး ခပ်စိပ်စိပ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာကိုလည်း သတိထားမိခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ဩဂုတ်လ၃၀ ရက်နေ့အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ထိတွေ့မှုတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ အလွန်အကျွံအသုံးပြုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ကြားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲမှာလည်း မန္တလေး PDF အနေဖြင့် သိမ်းဆည်းရမိတဲ့လက်နက်တွေ၊ စစ်ကောင်စီရဲ့ Dead body အချို့တွေကို video file နဲ့တကွ ပြသမှုတွေပြုလုပ်ခဲ့သလို စစ်ကောင်စီကို ခုခံရာမှာလည်း တခြားသောအဖွဲ့တွေကဲ့သို့ ပြောက်ကျားနည်းကိုသာအသုံးပြုခဲ့တာမဟုတ်ဘဲ သာမန်ရိုးကျစစ်ပွဲသဏ္ဍန် ခံစစ်အခိုင်အမာပြင်ပြီး သူတင်ကိုယ်တင်တိုက်ခိုက်ခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ ထိုအချိန်အခါက PDF တပ်ဖွဲ့တစ်ခုအနေနဲ့ စစ်တပ်ကို ယခုကဲ့သို့ သူတင်ကိုယ်တင် တိုက်ပြခဲ့တာဟာ အထင်ကြီးလောက်စရာဖြစ်ပြီး စစ်ရေးအကျိုးအမြတ်အရလည်း များစွာရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဒါတင်မက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း မန္တလေးPDF အနေဖြင့် ကနောင်စစ်ဆင်ရေးဆိုတဲ့ စစ်ဆင်ရေး အမည် တစ်ခုကိုသတ်မှတ်ခဲ့ပြီး စစ်တပ်ကို တရားဝင်စိန်ခေါ်မှုတွေပြုလုပ်ခဲ့ပါတယ်။ “ကနောင်” ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်။ အဆိုပါ စစ်ဆင်ရေးအတွင်းမှာဆိုရင်လည်း စစ်ဆင်ရေးစတင်ချိန်မှ စက်တင်ဘာလ၁၀ ရက်နေ့အထိ မန္တလေးတိုင်း၊ မတ္တရာ၊ မိုးကုတ်နဲ့ရှမ်းမြောက်၊ နောင်ချိုကျောက်မဲမြို့တွေမှ ဗိုလ်ကြီးနှစ်ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား ၇၆ ဦးကိုရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ထို့အပြင် စစ်ဦးဘီလူးဆိုတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း မန္တလေးPDF အနေဖြင့် ၎င်းတို့တာဝန်ယူထားရတဲ့ ရှမ်း-မန်းနယ်စပ်ကို မဟာမိတ် TNLA တပ်ဖွဲ့တွေနဲ့ အကောင်းဆုံးပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့တွေကို ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြောက်ပိုင်းမှာ တောက်လျှောက်အရှုံးပေါ်နေပြီး လက်နက်အင်အားစစ်ကူအင်အား အရေးပေါ်လိုနေတဲ့စစ်တပ်အနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ စစ်ကူလိုက်ရာတွင်လည်း မန္တလေး PDF မှ အကောင်းဆုံးဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ Faw ကားတွေ သံချပ်ကာယာဥ်တွေအချိန်အတော်ကြာ လမ်းမှာပိတ်မိခဲ့တာတွေ၊ ပြင်ဦးလွင်မိုးကုတ်လမ်းပိုင်းက မိုးကြိုးပစ်ကျေးရွာ၊ညောင်ကုန်းကျေးရွာနားလောက်အထိကို ဝင်ရောက်တပ်စွဲခြိမ်းခြောက်နိုင်တာတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။

 

အဲ့ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ မန္တလေး PDF အနေနဲ့ ယခုတစ်ကျော့ပြန် ရှမ်းမြောက်စစ်ဆင်ရေးမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျောက်မဲ၊နောင်ချို၊ ပြင်ဦးလွင်ဘက်မှာတိုက်စစ်တွေဖော်ဆောင်နေသလို မတ္တရာ၊ စဥ့်ကူး ဘက်မှာဆိုရင်လည်း နယ်မြေခံ အဖွဲ့တွေကို ဦးဆောင်ပြီး ကိုယ်တိုင်တိုက်ကွက်ဖော် သိမ်းပိုက်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့က မန္တလေး PDF တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် မန္တလေးတိုင်း မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းပေါင်း ၂၅ ခုအထိကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ပျူစောထီးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ချအညံ့ခံမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ဒီစစ်ဆင်ရေးအားလုံးကို ခြုံငုံကြည့်ရမယ်ဆိုရင် မန္တလေး PDF အနေဖြင့် တော်လှန်ရေးအစောပိုင်းတုန်းက ခြေသံလုံလုံဖြင့် လေ့ကျင့်ပြင်ဆင်မှုတွေ၊ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့ပြီး အဆင်သင့်ဖြစ်ပြီလို့ ယုံကြည်ရတဲ့အချိန်လောက်မှသာ စစ်တပ်ကို လူလုံးထွက်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးအတွက် အားတက်စရာအချက်တစ်ခုဖြစ်ပြီး PDF တပ်ဖွဲ့တွေကို တစ်လျှောက်လုံးအထင်မြင်သေးခဲ့တဲ့ စစ်တပ်အတွက်လည်း ထိုးနှက်ချက်ကြီးကြီးမားမားတစ်ခု ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။

တိုင်းစစ်ဌာနချုပ်တွေအားလုံးထဲမှာ အလုံခြုံဆုံးနဲ့ မြန်မာနိုင်ငံရဲ့အလယ်ဗဟိုမှာ ရှိနေပါတယ်ဆိုတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးသားတွေ မန္တလေးကိုပြန်သိမ်းမယ်ဆိုတဲ့ မန္တလေး PDF တပ်ဖွဲ့တွေရဲ့ကြွေးကြော်သံကို ခုချိန်မှာတော့ ကြောက်လန့်နေရပြီး ကောင်းကောင်းကြီး ခံစားနေရပြီလို့လည်းဆိုနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ တော်လှန်ပြည်သူတွေအားလုံးနဲ့ မန္တလေးသားတွေရဲ့အိပ်မက်ဖြစ်တဲ့ ပြည်တော်ပြန်ဝင်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ဟာ မန္တလေး PDF ရဲ့တိုက်ပွဲအောင်မြင်မှုတွေနဲ့အတူ တဖြည်းဖြည်းနီးကပ်လာနေပြီလို့ဆိုနိုင်ပါတယ်..။ ။

#RedNewsAgency

By Editor