လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
 
လားရှိုးမြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေသည့်အတွက် မြို့နေပြည်သူများသည် စစ်ဘေးရှောင်ရန် မြို့ကိုစွန့်ခွါသူ များလာသည့်အတွက် ယနေ့နံနက်ပိုင်း လမ်းပိတ်နေသည့်အခြေအနေထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
“အရင်ရက်တွေထက် ဒီနေ့မနက်ကတော့ တော်တော်များတယ်။ ကားလမ်းမကြီးပါ ပိတ်နေတဲ့အထိိဖြစ်သွားတယ်။ မြို့ထဲမှာတော့ လူတွေက ကျန်ပါသေးတယ် ဒါပေမဲ့ ထွက်တဲ့သူက တရက်ထက် တရက်ပိုများလာပြီ။ တချို့ကတော့ အိမ်တွေ သော့ခတ်ပြီးထွက်သွားတာ တချို့ကလည်း အိမ်စောင့်ချန်ခဲ့တယ်။ မထွက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်” ဟု လားရှိုးမြို့ခံတဦးက Red News Agency ကို ယနေ့နံနက်ပိုင်းက ပြောကြားထားသည်။

လားရှိုးမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအနေဖြင့် MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဆက်လိုက် တိုက်ပွဲပြင်းထန်နေကြောင်း၊ ဒေသခံပြည်သူများက လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟု ယုံကြည်နေကြသည့်အတွက် မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများအတွက်စိုးရိမ်ကာ မြို့ကို စွန့်ခွါနေကြခြင်းဖြစ်သည်ဟု သိရသည်။
 
#RedNewsAgency
By Editor