စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။ 

ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့် ကပစ ၁၄ တပ်သား တဦးထံမှ သိထားရကြောင်း ချင်းကာကွယ်ရေးတပ်အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

စစ်ဆင်ရေးရည်မှန်းချက်ကတော့ နံပါတ်တစ် လက်နက်ရရှိဖို့၊ နံပါတ်နှစ်ကတော့ စခန်းသိမ်းပိုက်နိုင်ဖို့ဆိုပြီးတော့ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နှစ်ခုစလုံးမအောင်မြင်ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ နှစ်ခုစလုံးမလုပ်ဆောင်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ ရန်သူသေဆုံးမှုအဆင့်ထိပဲ ရောက်နိုင်ခဲ့တာဖြစ်ပါတယ်ဟု ဆလိုင်းရိုးချင်းက Red News Agency ကိုပြောထားသည်။ 

ကပစ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲကို ၃၀ မိနစ်ကြာ စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့သော်လည်း ၂ နာရီကြာနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း၊ တိုက်ပွဲကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူ နီးလာသည့်အတွက် ရဲဘောများ ပြန်ဆုတ်ခဲ့ရကြောင်း၊ ခံပစ်နေသည့် ဘန်ကာကို မဖြိုနိုင်ခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များကို ပြည်သူများအနေဖြင့် စစ်ရိက္ခာပိုင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေး ပူးပေါင်းပါဝင်ပေးရန်လည်း ဆလိုင်းရိုးချင်းက ပြောကြားထားသည်။ 

ချင်းကာကွယ်ရေးတပ်အရှို ( CDF-Asho) လှုပ်ရှားနယ်မြေများတွင် စစ်ကောင်စီတပ် မြို့ပြနှင့် ကပစ ခွင်များတွင်သာ အဓိကစိုးမိုးထားနိုင်ကြောင်း၊ အခြားတောင်ပေါ်ဒေသတွင် စစ်ကြောင်းထိုးစစ်ဆင်ရေးများရှိမှသာ စိုးမိုးမှု ခဏတာရှိကြောင်း၊ ချင်းကာကွယ်ရေးတပ်အရှို ( CDF-Asho) အနေဖြင့်လည်း မြို့ပြနှင့်နီးသည့် စစ်စခန်းများအထိ ထိုးဖောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။ 

Red News Agency

By Editor