လက်နက်ချရန် အကြောင်းကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် စခန်းသိမ်းခဲ့ရာ တပ်ခွဲမှူး ဗိုလ်ကြီး၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး အရှင်ဖမ်းမိ

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။

KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ၏ စုကလိ တပ်စခန်းအား လက်နက်ချပြည်သူ့ဘက်ပူးပေါင်းရန် စာပို့ခဲ့အကြောင်းကြားသော်လည်း မထူးခြားသည့်အတွက် စခန်းသိမ်းခဲ့ရာတွင် တပ်ခွဲမှူး ဗိုလ်ကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး ဖမ်းဆည်းရမိခဲ့သည်ဟု KNU ထံမှ သိရသည်။

ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အ‌ခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော စုကလိတပ်စခန်းအား ပြည်သူ့ဘက်ရပ်တည်သွားရန် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ မှ မတ်လ (၃၀) ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားခဲ့သော်လည်း မကြောင်းမထူးသဖြင့် မတ်လ (၃၀)ရက်နေ့မှ ဇွန်လ (၁၆) ရက်နေ့အထိ စနိုက်ပါ၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် စိတ်ဓာတ်ရေးရာ နှင့် ခွန်အားများ ပျက်ပြားစေရန် တိုက်ခိုက်ပြီးနောက် ဇွန်လ (၁၇) ရက်နေ့မှစကာ ၀င်ရောက်တိုက်ခိုက်ပြီး ဇွန်လ (၂၁) ရက်နေ့တွင် စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကောင်စီ၏ စုကလိတပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ (၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၁၄) ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်ကြီး ၀ဏ္ဏတိုး အပါအ၀င် (၂၁) ဦး ဖမ်းဆည်းရမိခဲ့​ကြောင်း၊ တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း (၁၅) ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ကယမန့်နေ့က ထုတ်ပြန်ထားသည်။

 

စုကလိ တပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ ၆၀ မမ (ပြောင်းရှည်) ၁ လက်၊ ၆၀ မမ (ပြောင်းတို) ၁ လက်၊ RPG – 7 – ၁ လက် (ပျက်စီး)၊ MA-1 – ၁၂ လက် (၄ လက် ပျက်စီး)၊ MA-2 – ၁၅ လက် (၄ လက် ပျက်စီး)၊ MA-3 – ၄ လက် (၁ လက် ပျက်စီး)၊ MA-79 – ၂ လက်၊ ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး)၊ ၈၁ မမ ကျည် – ၃၇ လုံး၊ ၆၀ မမ ကျည် – ၃၉ လုံး၊ ရှေ့ထွက်မိုင်း (အကြီး) – ၃ လုံး၊ ရှေ့ထွက်မိုင်း (အသေး) – ၂၇ လုံး၊ နင်းမိုင်း – ၁၁ လုံး၊ ခွင်းဗုံး – ၁၀ လုံး၊ တိုက်မိုင်း – ၁၄ လုံးအပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြေင်း သိရသည်။

#RedNewsAgency

By Editor