ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

“စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်”

ရန်နိုင်  Wiper 

မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ လိုက်ပို့ပြီး ဆရာ၊ ဆရာမလက်ထဲ အပ်လိုက်ရမှာ စိတ်ချတတ်ကြတယ်။

နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်မကောင်းရင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေလဲ အန္တရာယ်တွေ ဝိုင်းနေတတ်တယ်။ အာဏာနဲ့လက်နက်ကို အားကိုးတတ်တဲ့ အုပ်ချုပ်သူ လူတန်းစားတရပ်ကြောင့် ပညာရေးနယ်မြေ၊ ဘာသာရေးနယ်မြေ၊ ကျန်းမာရေးနယ်မြေရယ်လို့ သတ်မှတ်ချက်မရှိပဲ အချိန်မရွေး လူသတ်လက်နက်တွေအသုံးပြုတဲ့နယ်မြေဖြစ်လာနိုင်တယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်ဖြစ်ဖြစ်၊ ကလေးမိဘပဲ ဖြစ်ဖြစ် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တဲ့ စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို ကြုံကြရမှာ စိတ်ပူမိတယ်။ 

ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။

ကျောင်းတတ်ရမယ့် အချိန်ရောက်လာပေမယ့်လည်း တနိုင်ငံလုံးစစ်ပွဲရဲ့အငွေ့အသက်တွေ လွှမ်းမိုးနေသလို ငြိမ်းချမ်းဖို့ဆိုတဲ့အနာဂတ်ကလည်း အလှမ်းဝေးနေဆဲပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံအတွင်းမှာ ပြည်သူလူထု အားလုံးလည်း လူမှုဒုက္ခတွေကို ဆိုးဆိုးဝါးဝါးကြုံနေကြရတယ်။ စစ်ပွဲတွေ ထူပြောနေတဲ့ တနိုင်ငံလုံးမှာ ကျောင်းသားအရွယ် ကလေးငယ်တွေလဲ စစ်ရှောင်ဘဝနဲ့ပြေးနေရသူတွေလည်း ပေါများနေဆဲပဲ။ စစ်ပွဲတွေ ဘာလို့များနေလဲ၊ စစ်ရှောင်တွေကို ဘယ်လိုဖြေရှင်းမလဲ မစဉ်းစားတတ်တဲ့ အာဏာရှင်အုပ်ချုပ်သူတွေက ကျောင်းသားတွေများရင် ပညာတတ်တွေများမယ်လို့ သတ်မှတ်ခဲ့တယ်။ တနှစ်တစ်တန်းအောင်ရင် လူသားရင်းမြစ်တွေ ဖွံ့ဖြိုးလာမယ်လို့ သတ်မှတ်ခဲ့တယ်။

အခုချိန်မှာလည်း အုပ်ချုပ်သူအာဏာရှင် လူတန်းစားတွေက ကျောင်းတတ်တဲ့ကျောင်းသား အရည်အတွက်များတယ်လို့ ဝါဒဖြန့်ချင်ယုံသက်သက်နဲ့ ကျောင်းမအပ်မနေရနဲ့ ကျောင်းမတက်မနေရ ညွှန်ကြားချက် ထုတ်ပြန်လာခဲ့တယ်။ မေလ (၂၃)ရက်နေ့မှ စပြီး ရက်သတ္တတပတ်အတွင်း ကျောင်းအပ်ဖို့ အတင်းအကြပ် ဖိအားပေးလာနေတယ်။ ကျောင်းစအပ်တဲ့ ၅ ရက်အတွင်းမှာ တနိုင်ငံလုံးကျောင်းအပ်တဲ့ အရည်အတွက် (.၁၆၀) သန်းထိ ရှိတယ်လို့ ထုတ်ပြန်ထားတယ်။ ယုံချင်ယုံ မယုံချင်နေ သတင်းအဖြစ်တော့ လျင်လျင် မြန်မြန် ထုတ်ပြန်လိုက်တာပဲဖြစ်တယ်။

ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။

 

အခုတပတ်အတွင်းမှာပဲ တနိုင်ငံလုံးမှာ နေ့စဉ် တိုက်ပွဲတွေ (၃၁) ကြိမ်လောက် ဖြစ်ပွားနေပြီး အေးချမ်းတဲ့နယ်မြေ မရှိသလို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတွေမှာလည်း တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေဆဲဖြစ်တယ်။ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့်လည်း ကျောင်းဖွင့်ဖို့အတင်းအကြပ်လုပ်နေတာက အုပ်ချုပ်သူအာဏာရှင်တွေဖြစ်တယ်။ တဖက်မှာလည်း အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် အကြမ်းဖက်စစ်တပ်က ကလေးသူငယ်ပါမကျန် လေကြောင်းကနေ အစုအလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်။ လူစုလူဝေးတွေ့ရင် လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေက ကျောင်းသားတွေကျောင်းတက်ဖို့နဲ့ စာသင်ကျောင်းတွေမှာ လူစုလူဝေးလုပ်ဖို့ ဆိုတာ အလွန်အန္တရာယ်များတယ်လို့ ကျောင်းသား မိဘတွေက ပြောဆိုထားတယ်။ 

သံတွဲမြို့လို စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်။ ၂၀၀၇ ခုနှစ်၊ နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီးချိန်မှာလည်း ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ဆိုတဲ့ မဲပုံးတွေကို ဦးစားပေးဖန်တီးထားခဲ့တယ်။ ပြည်သူလူထုကို ကယ်ဆယ်ရေးထက် ဒုက္ခသည်တွေရဲ့ ဆန္ဒမဲကိုလိုချင်တာကြောင့်ဖြစ်တယ်။ ပြည်သူတွေ ဘာပဲဖြစ်နေပါစေ အုပ်ချုပ်သူအာဏာရှင်တွေကတော့ ချနင်းဖို့အကြိမ်ကြိမ်ဖန်တီးနေဆဲပဲ။

ခုချိန်မှာ အာဏာရှင်တွေကိုအမြစ်ပြတ်ဖို့ တိုက်ထုတ်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်ပွဲတွေကလည်း နိုင်ငံအနှံ့မှာ ရယူထားနိုင်ပြီဖြစ်တယ်။ စစ်အာဏာရှင်တွေ ကင်းစင်မြေဖြစ်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း TNLA တအာင်းပလောင်နယ်မြေတွေမှာလည်း စာသင်ကျောင်းတွေကို ဖွင့်လှစ်နေပြီဖြစ်တယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က လက်နက်ကိုင် တိုက်ပွဲတွေမှာ အင်အားကောင်းသလို နိုင်ငံရေး၊ ပညာရေးမှာလည်း အသင့်ပြင်ဆင်ထားနိုင်ခဲ့တယ်။ ပညာရေးအတွက် တအာင်းပြည် ပညာရေးကောင်စီ TLEC မှလည်း ဆရာ/ဆရာမ တွေအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်း () လပေးခဲ့တယ်။ မေလ (၂၂)ရက်နေ့မှာ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့ပြီး ကျောင်းသားတွေကိုလည်း ဇွန်လ ()ရက်နေ့ကျောင်းတွေ စတင်ဖွင့်လှစ် သင်ကြားပေးသွားမယ်လို့ ထုတ်ပြန်ထားခဲ့တယ်။

ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။

တော်လှန်ရေးတပ်ဖွဲ့တွေ ပြည်နယ်တခုလုံးနီးပါး ထိန်းချုပ်ထားနိုင်တဲ့ ကရင်နီပြည်နယ်မှာလည်း စာသင်ကျောင်းတွေကို ပုံမှန်အတိုင်း ဖွင့်ပေးသွားမှာဖြစ်ပြီး ယခင်သင်ရိုးအတိုင်း သင်ကြားသွားမယ်လို့ အသိပေးပြောဆိုထားတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက စစ်အာဏာရှင်ချေမှုန်းတဲ့ တိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့်လည်း ပြည်သူတွေ ပညာရေးမနှောင့်နှေးစေဖို့အတွက် လုံခြုံတဲ့နေရာတွေမှာ စာသင်ကြားပေးဖို့ စီစဉ်နေကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျောင်းသားမိဘတွေကတော့ တဖြည်းဖြည်းကြီးပြင်းလာတဲ့ သားသမီးတွေအတွက် ပညာသင်ကြားရေး စာပေတတ်မြောက်ဖို့အတွက်တော့ အရဲစွန့်ရတာပဲ။ စစ်အာဏာရှင်တွေက မြို့ပေါ်ကျောင်းတွေမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ အခမဲ့ ကျောင်းအပ်လက်ခံပြနေသလို စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ၊ လူစုလူဝေးမြင်ရင် လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ဒေသတွေမှာလည်း ကျောင်းတက်ဖို့ဖိအားပေးစေခိုင်းနေတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ပြည်သူလူထု ပညာရေးနောက်မကျစေဖို့အတွက် ပညာသင်ကြားဖို့ အကောင်းဆုံးစီစဉ်နေကြတယ်။ မိဘတွေအတွက် သားသမီးတွေရဲ့ ပညာရေးက အရေးကြီးသလို ဒီလိုတိုက်ပွဲတွေကြား ထိတ်ထိတ်လန့်လန့် နေရတဲ့ဘဝကလည်း လွတ်မြောက်ဖို့အရေးကြီးလှပါ တယ်။ညောင်သီးလဲစား၊ လေးသံလဲ နားစွင့်ဆိုသလို ပညာရေးအတွက် ကျောင်းသားတွေက ပညာသင်ကြားရသလို၊ ကျောင်းသားမိဘတွေကလည်း စစ်အာဏာရှင်ရဲ့ တိုက်ပွဲဆိုတဲ့လေးသံကိုလဲ နားစွင့်ထားဖို့သာ တိုက်တွန်းချင်ပါတယ်။ ။ 

#RedNewsAgency

By RNA Editor