စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား

“မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်”
အညာသားရာဇဖွား – Wiper 
 
၂၀၁၈ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့အဆင့် ၃၅ နေရာတွင်ရှိသော အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs များနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲလာရချိန်တွင် ကမ္ဘာ့အဆင့် ၃၇ သို့ နှစ်ဆင့်လျော့ကျသွားသည်ကိုတွေ့ရသည်။ အမှန်တကယ်လက်တွေ့မြေပြင်တွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆင့်မှာ ကုန်းကောက်စရာမရှိလောက်အောင်ပင် ကျဆင်းနေပြီဖြစ်သည်။
 
တွေ့ဆုံပွဲများနှင့် အင်တာဗျူးများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကမ္ဘာ့အဆင့်မှီ မြန်မာ့တပ်မတော်ဟုမည်မျှပင် ကြွားဝါနေစေကာမှူ အမှန်တကယ်မြေပြင်လက်တွေ့တွင်မူ စည်းကမ်းပျက်ပြားသော၊ စစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကိုပင် လေးစားဂရုပြုရကောင်းမှန်းပင်မသိဘဲ ပြည်သူလူထုအပေါ်၌ နိုင်လိုမင်းကျ ယုတ်မာရက်စက်အကြမ်းဖက်သော အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ထိုမျှမကသေး ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုပင် ဖောက်ထွင်းခိုးယူခြင်း၊ လက်နက်ပြချိန်းခြောက်လုယူဓားပြတိုက်ခြင်းများအပြင် အမျိုးသမီးများအား မုဒိန်းကျင့် သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန်နေသော စက်ဆုတ်ရွံရှာဖွယ် အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။
 
ထို့ကြောင့် စတန်းဒတ်(Standard) ဆိုသည်မှာ ဘာမှန်းမသိ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စစ်စည်းကမ်းဥပဒေများကို လေးစားလိုက်နာကောင်းမှန်းမသိကြဘဲ ၎င်းတို့နားထဲသို့ ရိုက်သွင်းခံထားရသော ဝါဒမှိုင်းများဖြင့်သာရှင်သန်၍ ဂုဏ်သိက္ခာကင်းမဲ့သော လက်နက်ကိုင်ခိုးဆိုးလုနှိုက်အဖွဲ့သာဖြစ်သည်။ စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်များ မည်မျှပင် ရာထူးအာဏာများကိုအသုံးချ၍ ကြီးပွားချမ်းသာကာ ဇိမ်ခံယစ်မူးပြီး လက်အောက်ခံတပ်သားများအပေါ် ချနင်းထိုးကျွေးအသုံးချနေစေကာမူ ရိုက်သွင်းခံထားရသောဝါဒမှိုင်းများကိုသာ ဆင်ကန်းတောတိုးယုံကြည်ကာ နေ့စဉ်ရက်ဆက် မနားတမ်း တောတောင်များအတွင်း ရှေ့တန်းစခန်းများတွင် ခြင်းကြားများလွယ်ကာ သွားရောက်၍ ဆက်လက်မိုက်တွင်းနက်နေကြဆဲဖြစ်သည်။

ထိုသို့သော စည်းပျက် ကမ်းပျက် အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေးတွင်ပါဝင်လာကြသော ပြည်သူ့ကာကွယ်ရေးတပ် PDFများ၊ LPDFများနှင့် EROs တပ်များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ကျရှုံးမှုများနှင့်သာ ရင်ဆိုင်လာကြရပြီး စခန်းစွန့်ခွာထွက်ပြေးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် အိမ်နီးချင်းနိုင်ငံများအတွင်းသို့ ထွက်ပြေးသွားကြသူများဖြင့် ကစဉ့်ကလျားဖြစ်နေလေသည်။ ထိုသို့ ရှေ့တန်းတိုက်ပွဲများတွင် ကျရှုံးသူများ၊ လက်နက်ချအညံ့ခံသူများ၊ စစ်သုံ့ပန်းများအဖြစ်ဖမ်းဆီးခံရမှုများနှင့် တပ်တွင်းမှထွက်ပြေးသူများဖြင့် တပ်ပျက်လာသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ လျော့နည်းလာသော စစ်အင်အားကိုဖြည့်တင်းရန်နှင့် နွေဦးတော်လှန်ရေးအား ရရာနည်းဖြင့်ပါဝင်ကူညီနေကြသော လူငယ်များအားထိန်းချုပ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေအားအဓမ္မပြဌာန်းကာ လူငယ်များအားဖမ်းဆီးခြင်းများနှင့် ငွေညစ်ခြင်းများကို ပြုလုပ်လာကြသည်။
Photo – Internet
ပြည်သူများသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများနှင့် မတရားဥပဒေများကို ခါးစည်းခံနေရကာ ဒုက္ခပေါင်းစုံရောက်ကြရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မအောင်မြင်သော အကြမ်းဖက်စစ်အာဏာသိမ်းမှုနှင့်အတူ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ပြည်သူလူထုတစ်ရပ်လုံးမှာ အခက်အခဲအကြပ်အတည်းများနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။ ရရှိသော ဝင်ငွေနှင့် ထွက်ငွေမညီမျှမှုများနှင့် ကုန်စည်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှုများကြောင့် အခြေခံပြည်သူများမှာ စားဝတ်နေရေးခက်ခဲကြပ်တည်းလာခဲ့ကြရသည်။
 
ယခုဆိုလျှင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၃ သိန်းကျော်အထိ ထပ်မံ စံချိန်ချိုးသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၀၀ ကျပ်အထက်တွင်ရှိနေသဖြင့် ရွှေနှင့် ဒေါ်လာစျေးကွက်တွင် ကြိတ်ရောင်းကြိတ်ဝယ်လုပ်နေရကာ ကုန်သည်များမှာလည်း တိမ်းရှောင်နေကြရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ ထိန်းမနိုင် သိမ်းမရဖြစ်နေသဖြင့် ပြည်သူများ ပိုမိုခက်ခဲကြပ်တည်းလာရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်အတွင်းမှ အရာရှိများမှာလည်း ယခင်ထဲကမှ ဆေးစစ်ချက်မအောင်ခြင်းကြောင့်ဖြစ်စေ၊ ရှေ့တန်းတိုက်ပွဲများတွင် ဒါဏ်ရာရ၍ဖြစ်စေ၊ တပ်တွင်းပြစ်ချက်တစ်ခုခုကြောင့်ဖြစ်စေ အရပ်ဘက်ဌာနများသို့ပြောင်းရွှေ့ထားခဲ့ကြသည်။
 
ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်။ အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများကို နားမလည်ကြဘဲ အာဏာရှင်စနစ်များသာလွှမ်းမိုးလာကာ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ဖို့ရန်ဝေးလို့သာ နေပေတော့သည်။
 
အာဏာရှင်များသည် ပညာရှင်များကို တန်ဖိုးထားရကောင်းမှန်းမသိ နေရာတိုင်းတွင် သူတို့သာသိ၊ သူတို့သာတတ်ဟူသော တစ်ယူသန်အတွေးများနှင့် Professional ကို တန်ဖိုးထားလေးစားရကောင်းမှန်းမသိသော ဦးနှောက်မဲ့သည့် ပညာမဲ့လူတန်းစားများ၏ နေရာယူအုပ်ချုပ်မှုများကြောင့် ပြည်သူများမှာ အတိဒုက္ခရောက်ကြရကာ တိုင်းပြည်မှာလည်း အောက်ဆုံးအထိ ထိုးကျခဲ့ကြရသည်။ အာဏာရှင်အဆက်ဆက်၏ မြန်မာ့တပ်မတော်အား ၎င်းတို့အာဏာကိုကာကွယ်ရန်အတွက် ခါးပိုက်ဆောင်တပ်သဖွယ်အသုံးချနိုင်ရန် ပုံဖျက်ခဲ့မှုများကြောင့် ဗိုလ်ချုပ်အောင်ဆန်းသန္ဓေတည်ခဲ့သော မြန်မာ့တပ်မတော်သည် စည်းပျက် ကမ်းပျက် ပြည်သူများအား ရန်သူသဖွယ်အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ကာ သွေးဆာနေသောဘီလူးသဖွယ် အကြမ်းဖက်စစ်တပ်အဖြစ် ဖြစ်ပေါ်လာကာ ပြည်သူ့ကျိန်စာသင့်ခဲ့ရသည်။
Photo – internet
ဖွံ့ဖြိုးတိုးတက်၍ လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီစံတန်ဖိုးများနှင့်ပြည့်ဝသောနိုင်ငံတိုင်းရှိ စစ်တပ်များသည် ကမ္ဘာ့အဆင့်မှီ၍ ကမ္ဘာ့အလည်၌ လူရာဝင်ခဲ့ကြသော်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီတပ်များမှာမူ ခိုးဆိုးလုနှိုက်ပညာမဲ့လူတန်းစားများဖြင့် ဖွဲ့စည်းထားသဖြင့် Standard မှီဖို့ဝေးစွ Professional ပင်မကျလှပေ။ ထို့ကြောင့် ပညာမဲ့အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်၍ ပြည်သူလုထုအပေါ် လူ့အခွင့်အရေးများချိုးဖောက်၍ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် ထင်တိုင်းကြဲနေမှုများကို ကျနော်တို့တော်လှန်ပြည်သူတို့၏ စည်းလုံးညီညွတ်မှုအားဖြင့် တော်လှန်တိုက်ထုတ်အဆုံးသတ်ပေးကြရမည်ဖြစ်ပြီး Professional ကျ၍ Standard ပြည့်ဝသော ဖက်ဒရယ်တပ်မတော်ကြီးကိုတည်ဆောက်ကြပါစို့ဟု ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
Red News Agency
By RNA Editor